လီဗာပူးလ်ပစ်မှတ် ဇူဘီမန်ဒီအား အသင်းတွင်ဆက်ထိန်းထားရန် ဆိုစီဒက်အသင်း စီစဉ်

လီဗာပူးလ်ပစ်မှတ် ဇူဘီမန်ဒီအား အသင်းတွင်ဆက်ထိန်းထားရန် ဆိုစီဒက်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 10 August 2024

 

ဆိုစီဒက်အသင်းသည် ပရီးမီးယားလိဂ် ထိပ်သီး လီဗာပူးလ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား အသင်းတွင် ဆက်လက်ထိန်းထားရန် စီစဉ်နေကြောင်း သိရသည်။ 

ယခုနွေတွင် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးသည့် လီဗာပူးလ်အသင်းသည် အသက် ၂၅ နှစ်အရွယ်ရှိ ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား ဦးစားပေးအဖြစ် ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ဇူဘီမန်ဒီသည် ဆိုစီဒက်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိိ စာချုပ်သက်တမ်း ရှိနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင် ယူရိုသန်း ၆၀ ဖြစ်ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

ဆိုစီဒက်အသင်းသည် ဇူဘီမန်ဒီအတွက် သတ်မှတ်ထားသည့် စာချုပ်လျော်ကြေးကို လျှော့ပေးလိုခြင်း လုံးဝမရှိသလို ၎င်းအား အသင်းတွင် ဆက်ထိန်းရန်ပင် ကြိုးပမ်းနေကြောင်း သိရသည်။ 

ဇူဘီမန်ဒီသည် ဆိုစီဒက်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ဆိုစီဒက်တစ်သင်းတည်းတွင်သာ ကစားနေသူဖြစ်သည်။ ၎င်းသည် ၂၀၁၈-၁၉ ရာသီတွင် ဆိုစီဒက်အသင်းတွင် ပရိုကစားသမားအဖြစ် စတင်ကစားခဲ့ပြီး အသင်းအတွက် ခြောက်ရာသီအတွင်း ပြိုင်ပွဲစုံ ၁၈၇ ပွဲတွင် ခုနစ်ဂိုး သွင်းယူပေးထားသည်။ 

ဆိုစီဒက်အသင်း သည် လီဗာပူးလ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ဇူဘီမန်ဒီအား ရောင်းချလိုခြင်းမရှိဘဲ လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။  

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ဇူဘီမန်ဒီအား ခေါ်ယူမည်ဆိုပါက စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ ပေးချေရမည်ဖြစ်သလို ကစားသမားကိုပါ ဆွဲဆောင်ရန် လိုအပ်နေကြောင်း သိရသည်။ 

Most Read

Most Recent