နစက ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေး

နစက ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေး
Published 8 August 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H. E. Mr. Deng Xijun တို့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun အား သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများပပျောက်စေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent