အစိုးရသစ်ကို ဦးဆောင်ရန် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိ

အစိုးရသစ်ကို ဦးဆောင်ရန် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိ
သြဂုတ် ၈ ရက်က ဒါကာမြို့ရှိ ဟက်ဇ်ရတ် ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် မိုဟာမက် ယူနွတ်အား တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၈ ရက်က ဒါကာမြို့ရှိ ဟက်ဇ်ရတ် ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် မိုဟာမက် ယူနွတ်အား တွေ့ရစဉ်(Photo: AFP)
Published 8 August 2024

ကျောင်းသားများ ဦးဆောင်သည့် အုံကြွမှုအတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တိုင်းပြည်ကို ၁၅ နှစ်ကြာအုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် အိမ်စောင့်အစိုးရကို ဦးဆောင်ရန်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်သည် သြဂုတ် ၈ ရက်က ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။   

ယူနွတ်လိုက်ပါလာသော လေယာဉ်သည် ပဲရစ်မှထွက်ခွာလာပြီးနောက် ဒူဘိုင်းမှတစ်ဆင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဒါကာမြို့သို့ ဆိုက်ရောက်လာခဲ့သည်။ သူသည် သြဂုတ် ၈ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်၏ ခေါင်းဆောင်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်လင့်ရသည်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲဝါကာ-အူဇ်-ဇာမန်က နှစ်လိုဖွယ်ကောင်းသော ဒီမိုကရေစီဖြစ်စဉ် ဖြစ်လာမည်ဟု ကတိပြုထားသည်။

၈၄ နှစ်အရွယ် အသေးစားချေးငွေလုပ်ငန်းကို ရှေ့ဆောင်လမ်းပြ လုပ်ကိုင်ခဲ့သည့် ယူနွတ်အား ကြားဖြတ်အစိုးရ၏ ခေါင်းဆောင်အဖြစ် ထားရှိရန် ဆန္ဒပြကျောင်းသားခေါင်းဆောင်များက တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က သဘောတူခဲ့သည်။

“ကျွန်တော် အိမ်ပြန်လာဖို့ မျှော်လင့်စောင့်စားနေတာပါ။ ကျွန်တော်တို့ ကြုံနေရတဲ့ ပြဿနာတွေကနေ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုရုန်းထွက်နိုင်ခဲ့သလဲဆိုတာကို တွေ့နိုင်တယ်” ဟု ဒါကာသို့ မထွက်ခွာမီ ပဲရစ်တွင် ယူနွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

၀ါရင့်အတတ်ပညာရှင်ဖြစ်သူ ယူနွတ်သည် နိုင်ငံရေးအကြောင်းတရားဖြင့် အရေးယူခဲ့သည်ဟု ပြစ်တင်ရှုတ်ချထားသော အမှုတစ်မှုအတွက် ထောင်ဒဏ်ခြောက်လကျခံရပြီးနောက် ယခုနှစ်ထဲတွင် အာမခံဖြင့် ပြည်ပသို့ သွားရောက်ခဲ့သည်။ ဒါကာတရားရုံးတစ်ရုံးက သြဂုတ် ၇ ရက်တွင် ၎င်းအား ထိုအမှုမှ တရားသေလွှတ်ပေးခဲ့သည်။

ယူနွတ်သည် အမှုပေါင်း ၁၀၀ ကျော်နှင့် ရင်ဆိုင်နေရပြီး အစိုးရဦးဆောင်သည့် အစ္စလာမ္မစ် အေဂျင်စီကလည်း ၎င်းအား လိင်တူချင်းစုံမက်မှုကို အားပေးနေသည်ဟုဆိုကာ အပုပ်ချစွပ်စွဲမှုများပြုလုပ်ခဲ့သည်။

စစ်တပ်အကြီးအကဲ ၀ါကာ-အူဇ်-ဇာမန်က ၎င်းအနေဖြင့် ယူနွတ်ကို ထောက်ခံကြောင်းနှင့် ၎င်းအနေဖြင့် သြဂုတ် ၈ ရက် ညနေခင်းတွင် ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။

“သူဟာ ကျွန်တော်တို့ကို နှစ်လိုဖွယ်ကောင်းတဲ့ ဒီမိုကရေစီဖြစ်စဉ်တစ်ခုကနေ ခေါ်ဆောင်သွားနိုင်မယ်လို့ မိမိယုံကြည်ပါတယ်” ဟု ၀ါကာက ပြောကြားသည်။        

လအနည်းငယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိကြောင်း ယူနွတ်က ပြောဆိုထားသည်။ လတ်တလောတွင် စစ်တပ်၏အခန်းကဏ္ဍ အပါအဝင် အစိုးရဖွဲ့မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

သို့သော် ဘင်္ဂလားဒေ့ရှ် ပြည်သူများသည် အတိုက်အခံပါတီဟောင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)အား ထောက်ခံကြောင်း သြဂုတ် ၇ ရက်က ဒါကာမြို့တွင် လူထုစုဝေးပွဲ ပြုလုပ်ခဲ့သည်။

၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူခဲ့ခြင်း ဖြစ်သော်လည်း ဇန်နဝါရီလရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဟာဆီနာသည် ဆန္ဒပြသူများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ခဲ့ပြီး ဆူပူဆန္ဒပြမှုများအတွင်း အနည်းဆုံး ၄၅၅ ဦး သေဆုံးခဲ့သည်။

၎င်းရာထူးမှ နုတ်ထွက်ကာပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် သိန်းနှင့်ချီသည့် ပြည်သူများသည် ဒါကာမြို့လမ်းမများထက်တွင် မြူးထူးပျော်ရွှင်စွာဖြင့် အောင်ပွဲခံခဲ့ကြသည်။           

Ref: AFP

 

 

               

Most Read

Most Recent