မြန်မာဘက်သို့ တရားမဝင်ပို့ဆောင်မည့် Starlink ၁၀ စုံနှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

မြန်မာဘက်သို့ တရားမဝင်ပို့ဆောင်မည့် Starlink ၁၀ စုံနှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ
Photo - AEC Thai News
Photo - AEC Thai News
Published 8 August 2024

မဲဆောက်မြို့တွင် မြန်မာဘက်သို့ တရားမဝင်ပို့ဆောင်မည့် အင်တာနက်အသုံးပြုသည့်စက်ကရိယာ Starlink ၁၀ စုံနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များက ဩဂုတ် ၇ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

 ၂၀၂၄ ခုနှစ် သြဂုတ် ၇ ရက်တွင် တာ့ခ်ခရိုင်တပ်ဖွဲ့မှူး ရဲမှူးချုပ် Samrit Ekkamon၊ မဲဆောက်ခရိုင် ရဲစခန်းမှူး ရဲမှူးကြီး Pittayakorn Phetcharat နှင့် မဲဆောက်ရဲစခန်းမှ ဒု-ရဲမှူး Ekarat Nuchchaei တို့က Starlink ၁၀ စုံနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ တာ့ခ်ခရိုင်မဲဆောက်မြို့ မဲဆောက်ရဲစခန်း၌ ဩဂုတ် ၇ ရက်က မီဒီယာများအား သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဂြိုလ်တုအင်တာနက်ချိတ်ဆက်ကိရိယာ (STARLINK) များကို ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှတဆင့် တာ့ခ်ခရိုင်မဲဆောက်ခရိုင်အတွင်း တရားမဝင်သယ်ဆောင်လာခဲ့ပြီး ထိုမှတဆင့် မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

ဂြိုလ်တုအင်တာနက်ချိတ်ဆက်ကိရိယာ (STARLINK) များနှင့်ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသူနှစ်ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

ထို့အတူ ဇူလိုင် ၁၁ ရက်ကလည်း ထိုင်းနိုင်ငံမဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ ပို့ဆောင်မည်ဟု ယူဆသော အင်တာနက်အသုံးပြုရန် ဆက်စပ်ပစ္စည်းအစုံ ၄၀၀ ကို ထိုင်းအာဏာပိုင်များက   ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။