■  NDAA (မိုင်းလား) အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံအတွင်း အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းကြောင်း NDAA (မိုင်းလား) ပြောကြား

■  NDAA (မိုင်းလား) အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံအတွင်း အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းကြောင်း NDAA (မိုင်းလား) ပြောကြား
Published 6 August 2024

NDAA (မိုင်းလား) အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံအတွင်း အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းကြောင်း NDAA (မိုင်းလား) ၏ ငြိမ်းချမ်းရေးနဲ့စည်းလုံးရေးကော်မတီ အတွင်းရေးမှူးချုပ် ဦးထိန်လင်းက ပြောကြားသည်။ 

သြဂုတ် ၃ ရက်က ကျင်းပသည့် ၂၀၂၄ခုနှစ် ပထမနှစ်ဝက်ချုပ် လုပ်ငန်းအစည်းအဝေးတွင် ၎င်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဦးထိန်လင်းက တပ်ဘက်နှင့် ဒေသန္တရဘက် ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်မှုမှ ရရှိခဲ့သည့် အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း၊ တစ်ချိန်တည်းတွင် ပြည်တွင်း ပြည်ပ၏ အခြေအနေ အရပ်ရပ်အောက်တွင် မိမိတို့ အထူးဒေသ (၄) သည် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖြေရှင်းကြရန် တိုက်တွန်းကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ပြီး တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအဖြစ် ရရှိအောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အနာဂတ်တွင် "ငြိမ်း/စည်းကော်မတီ"၏ လမ်းစဉ်ပေါ်လစီ အသီးသီးကို လိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့စနစ်တကျ တည်ဆောက်မှုကို မြှင့်တင်သွားရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်လက် တွန်းအားပေးဖော်ဆောင်သွားရန်၊ လူမှုဝန်ဆောင်မှုစနစ်ကို မြှင့်တင်သွားရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မြှင့်တင်သွားရန်၊ တရားဥပဒေ စိုးမိုးရေးကို တွန်းအားပေး ဖော်ဆောင်သွားရန်၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်ခြင်းကို ပြင်းထန်စွာ နှိမ်နင်းသွားရန်၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှုနှင့် လုပ်ငန်း‌ဆောင်ရွက်မှုပုံစံတို့ကို  တင်းကျပ်စွာ တည်ဆောက်သွားရန် စသည့်အချက်များကိုလည်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးအတွင်း အမြဲတမ်းကော်မတီဝင် ဦးလော်ချန်ပေါင်နှင့် ဒေသအစိုးရ ဒုတိယဥက္ကဋ္ဌ ဦးအိုက် ရှဲန်လားတို့မှ စစ်ရေးကော်မတီနှင့် ဒေသအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီး ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မိုင်းလားအဖွဲ့ (NDAA) ၏ ၂၀၂၄ခုနှစ် ပထမနှစ်ဝက်ချုပ် လုပ်ငန်းအစည်းအဝေးကို သြဂုတ် ၃ ရက်မှ ၄ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) တွင် နှစ်ရက်တာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရန်နှင့် UWSA အနေဖြင့် မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း "၀" ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားသည့် အချိန်မှစ၍ "၀" ပြည်အနေဖြင့် မိမိ၏ သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာကို ယူပြီး "၀" ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း၊ ထိုရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ ယင်းမူဝါဒမှာ "၀" ပြည်နယ် တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့် ကိုက်ညီသည့်အပြင် မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့်လည်း ကိုက်ညီကြောင်း "၀" အဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားပြည်သူလူထုများမှ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် နေထိုင်မှုဘဝပုံမှန်လည်ပတ်လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေကြောင်း၊ စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပွားနေပါက မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသော အဖွဲအစည်းများအနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြုကြေညာပြီး အခြားတစ်ဘက်တွင် ပြည်သူလူထုတို့၏ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ်ပြုခြင်း မလုပ်ရကြောင်း၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာရပ်တည်ပြီး ပြည်သူလူထု၏အကျိုးစီးပွားကို လျစ်လျူရှုခြင်းမျိုး ပြုလုပ်၍မရကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသော အဖွဲ့အစည်းများအနေဖြင့် အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုအနေဖြင့် လုံခြုံရေးအာမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှု အပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် အလေးအနက်တိုက်တွန်းကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝ”ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏ အင်အားဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင် သွားမည်ဖြစ်ကြောင်းလည်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent