လွမ်းရေးထက် ဝမ်းရေးပိုခက်နေကြတဲ့ စစ်ဘေးရှောင်များရဲ့ဘဝ

လွမ်းရေးထက် ဝမ်းရေးပိုခက်နေကြတဲ့ စစ်ဘေးရှောင်များရဲ့ဘဝ
Published 4 August 2024
စိုင်းထွန်း (လားရှိုး)

    တောင်ကြီးရောက်နေတဲ့ နေ့ရက်တွေထဲမှာ လားရှိုးက မိတ်ဆွေတွေနဲ့ နေ့တိုင်းလိုလို တွေ့ဖြစ်တယ်။ တွေ့တာက ချိန်းလို့တွေ့တာ မဟုတ်ဘူး။ မချိန်းဘဲနဲ့လည်းလမ်းမှာ၊ ကုန်တိုက်မှာ၊ ဈေးမှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ကျောင်းမှာ၊ ထမင်းဆိုင်မှာ သူတို့နဲ့တွေ့ဖြစ်ပါတယ်။ 

    သူတို့တွေနဲ့တွေ့ကြတော့ ကျွန်တော်တို့ စကားတွေပြောဖြစ်ကြတယ်။ 

    တချို့နဲ့ တော်တော်ကြာ ပြောဖြစ်သလို   ခဏတာ ပြောဖြစ်ကြတယ်။ ပြောခဲ့ကြတဲ့ အကြောင်းတွေထဲမှာတော့ “ငါတို့ ဘယ်တော့ အိမ်ပြန်ကြရမလဲ” ဆိုတာထက် “ငါတို့ ဘယ်လိုရှေ့ဆက်ကြမလဲ” ဆိုတာပဲ။  

    အိမ်ပြန်ဖို့နေ့ရက်ကိုတွေးနေတာထက် ရှေ့ဆက်ကြရမယ့်နေ့ရက်တွေကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းကြမလဲဆိုတာ အဓိကဖြစ်လာတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေမှာ အိမ်ပြန်ဖို့အရေးက တွေးကြည့်ပြန်ရင် ရတက်မအေးစရာတွေချည်းလိုလိုပါပဲ။ ဒါကိုစစ်ဘေးရှောင်သူတိုင်း တွေးမိကြမယ်လို့ထင် ပါတယ်။ 

    ဇူလိုင် ၃ ရက်နေ့ကတည်းကစခဲ့တဲ့ လားရှိုးတိုက်ပွဲဖြစ်စဉ်ကြောင့် လားရှိုးမြို့နဲ့လားရှိုးမြို့ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေးရှောင်ကြရသလို ဌာနဆိုင်ရာဝန်ထမ်းတွေလည်း  စစ်ဘေးရှောင်ခဲ့ကြရတယ်။

    တချို့တွေ ဘယ်ကိုပြေးကြရမလဲဆိုတာ ဦးတည်ရာရှိပေမယ့် တချို့တွေအတွက်ကတော့ ဘယ်ဆီပြေးလို့ ဘယ်မှာခိုလှုံရမှန်းတောင်မသိ။ ကျည်ဆန်တွေနဲ့ ဝေးရာ၊ ရှော့တိုက်ဒုံးတွေနဲ့ဝေးရာကို ပြေးထွက်ခဲ့ပေမဲ့ တချို့တွေအတွက်ကတော့ ဦးတည်ရာမဲ့နေခဲ့တယ်။

    လားရှိုးမြို့က ဒေသခံတော်တော်များများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို စစ်ဘေးရှောင်ခဲ့ကြသူများသလို တချို့တွေအတွက်ကတော့ ကိုယ့်ရဲ့ မိဘညီအစ်ကိုတွေ ရှိရာ၊ ဆွေမျိုးတွေရှိရာ၊ မိတ်ဆွေသူငယ်ချင်းတွေရှိရာဆီ ခေတ္တခဏဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ဘေးရှောင်ခဲ့ကြရတယ်။

    အခုတော့ လားရှိုးတိုက်ပွဲဖြစ်စဉ်ဟာ ဩဂုတ်လ ၃ ရက်နေ့ဆိုရင် တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်ပြီး နေရပ်စွန့်ခွာလာခဲ့ကြရတဲ့ လားရှိုးဒေသခံတွေ ရေရှည်နေထိုင်စားသောက်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာခဲ့ကြတယ်။ 

    ရှမ်းပြည်တောင်ပိုင်းဘက် ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေကတော့ ရောက်တဲ့အရပ်မှာ ရေရှည်နေထိုင်နိုင်ဖို့ ရပ်တည်နိုင်ဖို့အတွက် ဘဝကို သုညကနေ ပြန်လည်ပြီး စတင်နေကြတာကို တွေ့ကြရတယ်။ မြို့ကထွက်လာတုန်းက ကားတစ်စီးနဲ့မိသားစုရဲ့အရေးအကြီးဆုံးမဖြစ်မနေပါရမယ့် အဝတ်အထည်လောက် သာ ထည့်လာနိုင်ခဲ့ကြတော့ ပြန်လည်စတင်ဖို့နဲ့ရေရှည်ရပ်တည်ဖို့အတွက်က အစကနေ ပြန်စကြရတော့မယ့်သဘော။ 

    နယ်မြေသစ်မှာ ဘဝသစ်ထူထောင်နေကြရတဲ့ လားရှိုးနဲ့ အခြားမြို့ကစစ်ဘေးရှောင်သူတွေရဲ့ ဘဝက နေ့ရက်တိုင်း စိန်ခေါ်မှုတွေအပြည့်နဲ့ပါပဲ။ လားရှိုးမှာတိုက်ပွဲတွေဖြစ်ပြီး နေရပ်စွန့်ခွာခဲ့ကြရတဲ့ စစ်ဘေးရှောင်သူတွေအတွက် အိမ်ငှားစရိတ်ကြီးမြင့်မှုကလည်း အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြန်တယ်။ လားရှိုးတိုက်ပွဲ ဖြစ်စဉ်တွေ မဖြစ်ခင်က တောင်ကြီးမှာ တစ်လကို လုံးချင်းအိမ်ငှားခ ခုနစ်သိန်းလောက်သာ ဈေးရှိခဲ့ရာက လားရှိုးတိုက်ပွဲဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း တစ်လကို ဆယ့်နှစ်သိန်းအထိ ဈေးမြှင့်သွားတယ်လို့ အိမ်ငှားနေထိုင်သူတွေက ဆိုကြတယ်။ တချို့တွေက အိမ်ငှားခ တစ်လချင်းပေးဆောင်ပြီး နေလို့ရပေမဲ့ တချို့တွေအတွက်ကတော့ ခြောက်လစာပေးမှ နေထိုင်ကြရတယ်လို့ဆိုပါတယ်။

    မိသားစုများတဲ့သူတွေ၊ အပြင်ဝင်ငွေရှာဖွေနိုင်သူတွေအတွက် တစ်လကို လုံးချင်းအိမ်ငှားစရိတ် ၁၀ သိန်းကျော် မျှခံပြီးနေထိုင်လို့ အဆင်ပြေနိုင်ကြပေမဲ့ မိသားစုနည်းပြီး ဝင်ငွေနည်းပါးသူတွေအတွက်ကတော့ အိမ်ငှားစရိတ်သက်သာရာ မြို့နဲ့ခပ်ဝေးဝေးမှာ ငှားရမ်းနေထိုင်ကြရတယ်။

    “လားရှိုးကနေထွက်လာတော့  တိုက်ပွဲဖြစ်စဉ်တွေ သိပ်မကြာလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ အဝတ်အထည်အချို့နဲ့ အခြားအရေးကြီးစာရွက်စာတမ်းပစ္စည်းတွေလောက်ပဲ သယ်ခဲ့တယ်။ တကယ်တမ်းတော့ စစ်ပြေးကြတဲ့အချိန်မှာ ကားရှိတဲ့သူလောက်သာ ပစ္စည်းတချို့သယ်ကောင်းသယ်လာနိုင်တာပါ။ အများ အားဖြင့်တော့ ပစ္စည်းတွေကို ထားခဲ့ကြရတာပါ။ မိသားစုနဲ့ထွက်ခဲ့ကြရသူတွေဆို အဝတ်အစားတချို့ကလွဲပြီး ဘာမှပါမလာနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်မြို့မှာလုပ်ကိုင်စားသောက်သလို အလုပ်လုပ်ချင်ရင် အသစ်ကနေ ပြန်စကြရမယ်” လို့  လားရှိုးမြို့ကနေလာပြီး တောင်ကြီးမြို့မှာ စားသောက်ဆိုင် ဖွင့်လှစ်နေသူတစ်ဦးကပြောပါတယ်။

    လားရှိုးမြို့မှာ ကိုယ်ပိုင်ဆိုင်ခန်းနဲ့ ရှမ်းရိုးရာအစားအစာ စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ဖူးတဲ့သူဖြစ်ပြီး စစ်ဘေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းမှာ စစ်ဘေးလာရှောင်ရင်း လမ်းဘေးဈေးဆိုင်ဖွင့်လှစ်လို့ ဘဝသစ် ပြန်စနေရတဲ့သူ့အဖြစ်က တွေးကြည့်ပြန်ရင်လည်း  အားအင်သစ်တွေ ရစေသလို ဘယ်အခြေအနေရောက်ရောက် သုညဖြစ်သွားလည်း အားမလျှော့ဘဲ ဘဝသစ်ပြန်စဖို့ ခွန်အားတွေရစေတယ်မဟုတ်လား။ 

    စစ်ဘေးရှောင်တစ်ယောက်အတွက် လမ်းဘေးဈေးဆိုင်လေးဖွင့်လှစ်ဖို့  အစစအရာရာ အသစ်ကနေ ပြန်စဖို့ အကုန်အသစ်ပြန်ဝယ်လိုက်ရပြီး ရင်းနှီးမြုပ်နှံလိုက်ရပြန်ပါတယ်။

    “လမ်းဘေးဈေးဆိုင်လေးဖွင့်ဖို့အတွက် ရောင်းရမယ့်နေရာရဖို့ခက်သလို ပစ္စည်းတွေလည်း အကုန်အသစ်ပြန်ဝယ်ရတယ်။ မတတ်နိုင်ဘူး။ ကျွန်တော်တို့ ဒီအတိုင်းထိုင်နေလို့မှ မရတာ။ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ကြရဦးမယ်လေ” လို့ လားရှိုးကနေ စစ်ဘေးရှောင်လာရင်း ဈေးဆိုင်ဖွင့်လှစ်သူက ပြောပါတယ်။ 

    တချို့ကျပြန်တော့လည်း ငှားနေရတဲ့နေအိမ်နဲ့ ဈေးလာရောင်းရတဲ့နေရာနဲ့က သိပ်ဝေးလွန်းတော့ ဈေးကို အချိန်ပြည့်မရောင်းနိုင်သလို နေစရာအခက်အခဲကြောင့်လည်း အလုပ်သမားဝန်ထမ်းခေါ်ယူဖို့ ခက်ခဲ နေတယ်လို့ဆိုပါတယ်။ 

    “ငှားနေတဲ့တိုက်ခန်းမှာက ရေနည်းနည်းရှားတယ်။ ကျွန်မတို့က မိဘနှစ်ပါးရယ်၊ သားသမီးနှစ်ယောက်နဲ့ စစ်ဘေးရှောင်လာတာဆိုတော့ အဆင်သိပ်ပြေလှတယ်မဟုတ်ဘူး။ မနက်ဈေးရောင်းဖို့အတွက် လင်မယားနှစ်ယောက် ညကတည်းကပြင်ဆင်ရတာ မနက် ၁ နာရီလောက်မှာ အလုပ်ပြီးတယ်။ မနက် ၄ နာရီလောက်ထပြီး ဈေးရောင်းဖို့ ပြင်ဆင်ရတယ်။ ဈေးသွားရောင်းတာက မြို့ထဲမှာဆိုတော့ ငှားနေတဲ့ နေရာနဲ့ နည်းနည်းဝေးတယ်။ ဈေးကရောင်းကောင်းတော့ ၇ နာရီလောက်ဆိုကုန်ပြီ။ ရောင်းကောင်းပေမဲ့လည်း ရောင်းကုန်ကို ထပ်မတိုးချဲ့နိုင်ဘူး။ ဆိုင်ခန်းအတည်တကျမရှိတာရယ်၊ အိမ်ငှားနေရတဲ့ အခြေအနေရယ်ကြောင့် အလုပ်သမားလည်းမငှားနိုင်သေးဘူး။ ကိုယ်တိုင်လုပ်နေရတော့ ပင်ပန်းတယ်။ ပင်ပန်းပေမဲ့လည်း ဘဝသစ်ပြန်စနေရတော့ အရာရာကို အားတင်းပြီးလုပ်ကိုင်ရတယ် ” ဟု လားရှိုးမြို့မှ ထွက်ခွာကာ တောင်ကြီးမြို့တွင် မန်ထိုပေါက်စီရောင်းချနေသူတစ်ဦးကပြောပါတယ်။

    စစ်ဘေးရှောင်တွေအနေနဲ့ ကိုယ်ယာယီစစ်ဘေးရှောင်နေရတဲ့ ကာလအတွင်း နေထိုင်စရိတ် သက်သာဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက်၊ ဝမ်းရေးပြဿနာနဲ့ သားသမီးတွေရဲ့ ပညာရေး ရှေ့ဆက်နိုင်ဖို့ အတွက် ကိုယ့်နယ်မြေမှာ ကျင်လည်ရပ်တည်လုပ်ကိုင်စားသောက်ခဲ့တဲ့  အသက်မွေးဝမ်းကျောင်းပညာနဲ့ ရှေ့ခရီးကို ဖြတ်သန်းကြရတယ်။ 

    လားရှိုးတိုက်ပွဲဖြစ်စဉ်တွေနဲ့အတူ ကိုယ့်မွေးရပ်မြေ၊ ကိုယ်ကျင်လည်ရာမြေ၊ ကိုယ်နေထိုင်ရာမြေကို မဖြစ်မနေ စွန့်ခွာခဲ့ကြရတဲ့သူတွေမို့ ဘယ်သူက လားရှိုးကို မလွမ်းပဲနေပါ့မလဲ။ ဒါပေမဲ့ ဝမ်းရေးက လွမ်းရေး ထက်ပိုခက်နေပြီမို့ ရောက်တဲ့အရပ်မှာ ကျွန်တော်တို့ ရှာဖွေနေထိုင်စားသောက်ကြရမယ် မဟုတ်လား။ 

    “တိုက်ပွဲတွေက ဘယ်အထိရှည်ကြာနေမလဲမသိဘူး။ အိမ်ပြန်ဖို့အရေးက တွေးကြည့်လေ တွေးကြည့်လေ အဆင်မပြေလေပါပဲ။ သားနဲ့သမီးက အခုဆို အထက်တန်းတက်နေရပြီ။ သူတို့ပညာကို ကောင်းကောင်း မသင်ခဲ့ရဘူး။ အခုက ရွာမှာလည်း တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကိုင်တွေ ကျင်လည်နေတော့ ကလေးတွေရဲ့ ပညာရေးအတွက် ရင်လေးမိတယ်။ တခြားမြို့မှာ ကျောင်းသွားတက်ခိုင်းရတယ်။ ရွာမှာကလည်း စီးပွားရေးက အရင်လို လွယ်လွယ်နဲ့လုပ်ကိုင်စားသောက်လို့မရတော့ဘူး။ ရှာဖွေစားသောက်ဖို့ နဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့အတွက် တော်တော်ကိုခက်နေတဲ့အနေအထားဖြစ်လာတယ်” လို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

    တချို့တွေက သူတို့သားသမီးတွေရဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်နိုင်တော့ဘဲ မြို့ကြီးတွေမှာ အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာစကားသင်တန်းတွေ တက်ခိုင်းပြီး နိုင်ငံခြားမှာ အလုပ်သွားရောက်လုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြတာတွေလည်း တွေ့နေရပြန်တယ်။ 

    အခုတော့လည်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေရချိန် သူစိမ်းနယ်မှာ ဘဝသစ်ကို သုညဘဝနဲ့ ပြန်စကြရင်း နောင်လာမယ့်နေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတင်းရင်း ......................။

     

    

Most Read

Most Recent