Squid Game 2 ကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြသမည်ဖြစ်ပြီး Season 3 လည်း လာမည်ဟု Netfiix ကြေညာ

Squid Game 2 ကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြသမည်ဖြစ်ပြီး Season 3 လည်း လာမည်ဟု Netfiix ကြေညာ
Photo: Soompi
Photo: Soompi
Published 1 August 2024

ပရိသတ်များစောင့်မျှော်နေသည့် ကမ္ဘာကျော်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ၏ Season 2 ကို ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ပြသတော့မည်ဖြစ်ပြီး နောက်ဆုံး  Season 3 လည်းလာမည်ဟု Netfiix က  ကြေညာလိုက်သည်။

ဆုငွေကိုရီးယားဝမ် ၄၅ ဒသမ ၆ ဘီလျံကိုတပ်မက်ပြီး ရှုံးသည်နှင့်အသတ်ခံရမည်ကိုမသိဘဲ ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားသည့် Squid Game ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ တွင် Netfiix မှပြသခဲ့ရာ ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်းအထိရှိခဲ့ကာ Netfiix ၏ လူကြိုက်အများဆုံးဇာတ်လမ်းတွဲဖြစ်လာခဲ့သည်။သို့သော်ရက်စက်ကြမ်းကြုတ်သည့် သွေးထွက်သံယိုပြကွက်များ ပါသည့်အတွက် အသက် ၁၅ နှစ်အောက်ကလေးများ မကြည့်သင့်ပေ။

Squid Game မှခေါင်းဆောင်မင်းသား လီဂျောင်ဂျေးက ၂၀၂၂ အမ်မီဆုပေးပွဲတွင် ဇာတ်လမ်းတွဲကဏ္ဍ၌ အကောင်းဆုံးမင်းသားဆုကို ပထမဆုံးဆွတ်ခူးလိုက်သည့် အာရှသရုပ်ဆောင်ဖြစ်ခဲ့ပြီး ဒါရိုက်တာဟွမ်ဒုံယော့ က အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲဒါ ရိုက်တာဆု ရခဲ့သည်။ဟွမ်က ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးသူအဖြစ်လည်း ပါနေသည်။ ၎င်းအဆိုအရ Season 3 က နောက်ဆုံးဖြစ် ပြီး ၂၀၂၅ ခုနှစ်တွင်ပြသလိမ့်မည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာပင် ဒါရိုက်တာ ဟွမ်က  Season 2 ဆက်ရိုက်မည်ဟု အတည်ပြုကြေညာခဲ့သည်။ ပရိသတ်က တောင်းဆိုလွန်းသည့်အတွက် ရွေးစရာမရှိသလောက်ခံစားရပြီး ဒုတိယအပိုင်းတွဲ သေချာပေါက် ထွက်မည်ဟု ဟွမ်က ထိုစဉ်ကကတိပေးခဲ့သည်။

ယခင်ကလူကြည့်အများဆုံးဖြစ်ခဲ့သည့်  အမေရိကန်ဇာတ်လမ်းတွဲ Bridgerton ကို ကျော်တက်ကာ Netfiix ၏ နံပတ်တစ်လူကြည့်အများဆုံးဖြစ်ခဲ့သည့်  Season 1 တွင်   လူသိအများဆုံးဖြစ်ခဲ့သူက မင်းသမီးဂျောင် ဟိုယွန်းဖြစ်သည်။ ဇာတ်လမ်းထဲမှဝါရင့်သရုပ်ဆောင် အိုယောင်ဆူက ၂၀၂၂ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ရုပ်သံကဏ္ဍအတွက် အကောင်းဆုံးဇာတ်ပို့မင်းသားဆု ရခဲ့သည်။အိုယောင်ဆူက ပထမဆုံး ရွှေကမ္ဘာလုံးဆုရ တောင်ကိုရီးယားသရုပ်ဆောင်လည်းဖြစ်သည်။Season 2 တွင် လီဂျောင်ဂျေး၊ လီဗြောင်ဟွန်း၊ဝီဟာဂျွန် နှင့် ဂုံယူးတို့ပြန်ပါကြမည်။

Most Read

Most Recent