ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်
Published 8 June 2024

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသော ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (ဇွန် ၈ ရက်) နံနက်ပိုင်းက ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်တံတားတည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့ Nippon Koei ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသော အရှည် ၈၆၃၈ ပေရှိသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ သက်သာသည့် ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားတံတား ဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏ အထင်ကရအမှတ်အသား (Landmark)ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက  တံတားဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းများ၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားကြီး တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် သန်လျင်တံတား အမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့်မည်ဖြစ်သည့်အပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ နောင်တွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးကို အသုံးပြုပြီး ဘားဘံမြို့- မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေစ သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေ ရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃)သည် လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ငါးပေစီ ပါရှိကြောင်း၊ တံတား၏ ရေလမ်းကင်းလွတ်အမြင့်သည် ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်သည် ၇၃၅ ပေ ဖြစ်ကြောင်း၊ သံမဏိကြိုးဆိုင်း (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။