■ MLWC-9 ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင်ပါဝင်မည့် တွဲဆိုင်း (၆)ပွဲစလုံးထွက်ပေါ်လာပြီး စက်တင်ဘာ (၂၂)ရက် ကျင်းပမည်

■ MLWC-9 ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင်ပါဝင်မည့် တွဲဆိုင်း (၆)ပွဲစလုံးထွက်ပေါ်လာပြီး စက်တင်ဘာ (၂၂)ရက် ကျင်းပမည်
Photo: MLWC
Photo: MLWC
Published 21 September 2024

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် (MLWC) အဖွဲ့အစည်းသည် MLWC-9 ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင်ပါဝင်မည့် တွဲဆိုင်း (၆)ပွဲ စလုံးကို စက်တင်ဘာ(၁၈) ရက်က ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ (၂၂) ရက်၊ နေ့လည် (၂) နာရီမှစ၍ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MLWC-9 ပြိုင်ပွဲတွင် အဓိကခေါင်တွဲဆိုင်းအဖြစ် မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအမည်ဖြင့် လက်ရှိချန်ပီယံ ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူ လူငယ်တက်လူ ပထမတန်းလက်ဝှေ့ကျော် ကျော်စွာဝင်း၊ ဒုခေါင်တွဲဆိုင်းအဖြစ် ပထမတန်းရိုးရာလက်ဝှေ့ကျော် ရာမာဉ်နှင့် အောင်ခိုင်၊ ပွဲစဉ်(၄) အဖြစ် စိန်လုံးချောနှင့် စူပါရေချမ်း၊ ပွဲစဉ် (၃) အဖြစ် စောဘဟိန်းနှင့် မြလုံးချော၊ ပွဲစဉ်(၂) အဖြစ် ဆလိုင်ထန်ခွီးရှိန်နှင့် မောင်ဇော်၊ ပွဲစဉ် (၁)အဖြစ် အောင်ထက်ကျော်နှင့် အောင်ကိုလတ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင်  ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်း ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲမှာ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ် ပွဲဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ပြဌာန်းထားသည့် စည်းမျဉ်းသစ်အတိုင်း (၇) ချီ၊ အနားတောင်း၊ အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ 

ဒုခေါင်တွဲဆိုင်းဖြစ်သည့် ရာမာဉ်နှင့် အောင်ခိုင်၊ ပွဲစဉ် (၄)ဖြစ်သည့် စိန်လုံးချောနှင့် စူပါရေချမ်းတွဲဆိုင်းများမှာ (၅) ချီ၊ ကျန်တွဲဆိုင်း (၃) ဆိုင်းမှာ (၄) ချီစိန်ခေါ်ပွဲများအဖြစ် ထိုးသတ်မည်ဖြစ်သည်။ 

တွဲဆိုင်း (၆)ဆိုင်းစလုံးကို အနားတောင်း၊ အလဲထိုးစနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းများအဖြစ် ကျပ်(၁၀၀၀၀၊ ၂၀၀၀၀၊ ၅၀၀၀၀၊ ၁၀၀၀၀၀) သတ်မှတ်ထားကာ Sky Net ရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ၂၀၁၄ ခုနှစ်က စောငမန်းကို အလဲထိုးစနစ်ဖြင့် အနိုင်ရရှိပြီးနောက် မြန်မာပြည်အလွတ်တန်းချန်ပီယံ ဖြစ်လာခဲ့သည်။ 

ထို့နောက် ထွန်းထွန်းမင်းသည် ၂၀၁၆ ခုနှစ်တွင် ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် အလဲထိုးစနစ် နှစ်ကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအကြိမ်တွင် သရေကျပြီး ဒုတိယအကြိမ်တွင် ရှုံးနိမ့်ခဲ့ကာ တတိယအကြိမ် မကျေပွဲအဖြစ် ၂၀၁၈ ခုနှစ်တွင် ထပ်မံထိုးသတ်ရာ သရေကျခဲ့သည်။ 

ထွန်းထွန်းမင်းသည် စောငမန်းကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံအဖြစ် သတ်မှတ်ခံရပြီးနောက် ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စောဂေါ မူဒိုကို အနိုင်ရကာ ရာမာဉ်နှင့် သရေကျခဲ့သည်။

ထွန်းထွန်းမင်းသည် ၂၀၂၃ ခုနှစ်တွင် သွေးသစ်ဝင်းလှိုင်နှင့် နှစ်ပွဲထိုးသတ်ခဲ့ပြီး အမှတ်ပေးစနစ်တွင် ရှုံးနိမ့်ခဲ့သော်လည်း အလဲထိုးစနစ်တွင် သရေကျခဲ့သည်။ 

ထွန်းထွန်းမင်းအနေဖြင့် အလဲထိုးစနစ်တွင် ရှုံးနိမ့်ထားသည့် ကနေဒါဖိုက်တာ ဒေ့ဗ်သည် ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သောကြောင့် မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ် ပွဲအဖြစ် ကျော်စွာဝင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

ထွန်းထွန်းမင်းသည် သွေးသစ်ဝင်းလှိုင် ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၉)ရက်တွင် ကျင်းပသည့် TGL-3 ပြိုင်ပွဲ၌ အမှတ်ဖြင့် ရှုံးနိမ့်ပြီး ၂၀၂၃ ခုနှစ် သြဂုတ် (၂၀) ရက်တွင်ကျင်းပသည့် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ မကျေပွဲပြန်လည်ထိုးသတ်ရာ သရေကျခဲ့သည်။ 

ထွန်းထွန်းမင်းသည် ပွဲဝေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ကျော်စွာဝင်းမှာမူ နောက်ဆုံးထိုးသတ်ထားသည့်ပွဲတွင် အမေရိကန်ဖိုက်တာ ဘရတ်ပတ်စ်တိုးနှင့် သရေကျထားသည်။

Most Read

Most Recent