မြန်မာ ယူ-၁၂ အသင်း U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် ဂျပန်အသင်းများနှင့် အတူကျရောက်

မြန်မာ ယူ-၁၂ အသင်း U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် ဂျပန်အသင်းများနှင့် အတူကျရောက်
Photo: MFF
Photo: MFF
Published 29 July 2024

ဂျပန်နိုင်ငံ ချီဘားမြို့တွင် ကျင်းပမည့် U-12 Junior Soccer World Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ -၁၂ လူငယ်အသင်းသည် အုပ်စု(D) ၌ အိမ်ရှင်ဂျပန်ကလပ်အသင်းများနှင့် အတူကျရောက်နေကြောင်း သိရသည်။

U-12 Junior Soccer World Challenge ပြိုင်ပွဲကို အိုဆာကာဘောလုံးအဖွဲ့ချုပ်(Osaka Football Association) က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ယင်းလူငယ်ဘောလုံးပြိုင်ပွဲမှာ အောင်မြင်ကျော်ကြားသည့် နိုင်ငံတငာလူငယ်ဘောလုံးပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ကမ္ဘာထိပ်သီးကလပ်အသင်းများ၏ အကယ်ဒမီများမှ လူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။

ယခင်ကျင်းပပြီးခဲ့သည့်ပြိုင်ပွဲများတွင် ကမ္ဘာကျော်ကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ အာဆင်နယ် အစရှိသည့် အသင်းများမှ အကယ်ဒမီလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၄  U-12 Junior Soccer World Challenge ပြိုင်ပွဲကို ဂျပန်နိုင်ငံ ချီဘားမြို့တွင် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းကို ၄ သင်း ၁၂ အုပ်စုခွဲ၍ ပထမအဆင့်(Preliminary League) အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်(Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်းနှစ်သင်းစီ၊ ပေါင်း ၂၄ သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final Tournament) သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့် ၃၊ ၄ ရ အသင်း ၂၄ သင်းမှာ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ၌ ဆက်လက်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ပထမအဆင့်(Preliminary League) တွင် ၁၅ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final Tournament) တွင် ၂၀ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်တွင် ၂၅ မိနစ် နှစ်ပိုင်း( နားချိန် ၁၀ မိနစ်)၊ အောက်အဆင့်ပြိုင်ပွဲ(Lower Tournament) ကိုမူ ၁၅ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်) ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၂ အသင်းသည် ယခုနှစ် ပြိုင်ပွဲတွင် ပထမအဆင့်(Preliminary League)၏  အုပ်စု(D) ၌ အိမ်ရှင်ဂျပန်ကလပ်အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte၊ FC Basara Hyogo အသင်းများနှင့် ကျရောက်နေလျက်ရှိသည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ်၂၀ ရက်တွင် Tozuka Football Club Junior အသင်း၊ Kashima Antlers Norte  အသင်းတို့နှင့်လည်းကောင်း၊ သြဂုတ် ၂၁ ရက်တွင် FC Basara Hyogo အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၂ အသင်းကို ပဏာမကစာသမား ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးမင်းသူက တာဝန်ယူကိုင်တွယ်နေလျက်ရှိကာ လေ့ကျင့်မှုများပြုလုပ်နေသည်။

Most Read

Most Recent