မြန်မာနိုင်ငံ ပဋိပက္ခအရှိန်မြင့်တက်နေခြင်းကို အလွန်စိုးရိမ်နေသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ

မြန်မာနိုင်ငံ ပဋိပက္ခအရှိန်မြင့်တက်နေခြင်းကို အလွန်စိုးရိမ်နေသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ
Published 29 July 2024

အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံတွင် ပဋိပက္ခအရှိန်မြင့်တက်နေခြင်းနှင့်ပတ်သက်၍ အာဆီယံအဖွဲ့က အလွန်စိုး ရိမ်နေသည်ဟု ဇူလိုင် ၂၇ ရက် ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံက ဖော်ပြခဲ့သည်။

လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးအပြီး အာဆီယံကမြန်မာနိုင်ငံ၏အခြေအနေကို ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာလွှဲပြောင်းယူပြီးကတည်းက အကြမ်းဖက်မှုများက မြန်မာနိုင်ငံကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့သည်။ ထို့အပြင် မြန်မာတပ်မတော်သည်အထင်ကရ တိုင်းရင်းသားလက်နက် ကိုင်အုပ်စုများနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့်အပြင် PDF အဖွဲ့များနှင့်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

မြန်မာနစကနှင့် အာဆီယံတို့သဘောတူထားသော ဘုံသဘောတူညီချက်ငါးရပ်သည် ယခုအခါ ပျက်လုဆဲအနေအထားဖြစ်နေခြင်းနှင့်အတူ အာဆီယံသည် မြန်မာ့အရေးကိုဝင်ရောက်ဖြေရှင်းပေးရန် မအောင်မြင်သော သံတမန်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်လျက်ရှိသည်ဟု AFP သတင်းဌာနက ဖော်ပြထားသည်။

“ဘုံသဘောတူညီချက် ငါးရပ်ဟာ နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့အဓိက အညွှန်းအဖြစ် ဆက်လက်ရှိနေပါတယ်”ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးသည် အာဆီယံ၏အကျိုးစီးပွား တည်ဆောက်ရေးကြိုးပမ်း မှုများကို လေ့လာဆန်းစစ်ခဲ့ပြီး လတ်တလောဖြစ်ပေါ်နေသော ပထဝီဝင်နိုင်ငံရေး ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများကြားထဲ အာဆီယံဗဟိုပြုမှုနှင့်စည်းလုံးညီညွတ်မှုတို့ကို ထပ်လောင်းအတည်ပြုခဲ့သည်။

အာဆီယံသည် ဝန်ကြီးအဆင့်လွန်ဆွေးနွေးပွဲများ(PMCs)တွင် ဆွေးနွေးဘက်မိတ်ဖက်များဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ဂျပန်၊ ဗြိတိန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆွေးနွေးခဲ့သည်။

Ref: AFP