အမေရိကန်အနောက်ပိုင်းပြည်နယ် ကယ်လီဖိုးနီးယားတွင် လျင်မြန်စွာလောင်နေသော တောမီးကြောင့် လူထောင်ချီ နေရပ်စွန့်ခွာခဲ့ရ

အမေရိကန်အနောက်ပိုင်းပြည်နယ် ကယ်လီဖိုးနီးယားတွင် လျင်မြန်စွာလောင်နေသော တောမီးကြောင့် လူထောင်ချီ နေရပ်စွန့်ခွာခဲ့ရ
ကယ်လီဖိုးနီးယားပြည်နယ် ရေးဗားဆိုက်၌ လောင်နေသော တောမီးများက နေအိမ်များကို ခြိမ်းခြောက်နေပုံအား ဇူလိုင် ၂၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ကယ်လီဖိုးနီးယားပြည်နယ် ရေးဗားဆိုက်၌ လောင်နေသော တောမီးများက နေအိမ်များကို ခြိမ်းခြောက်နေပုံအား ဇူလိုင် ၂၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 26 July 2024

မီးသတ်သမားများသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသော တောမီးများကို ဇူလိုင် ၂၅ ရက်တွင် ငြှိမ်းသက်လျက်ရှိစဉ် လူ ၃,၅၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များမှ ထွက် ပြေးခဲ့ကြရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

The Park Fire ဟု အမည်ပေးထားသော တောမီးသည် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် စတင်လောင်ခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်ကို သက်ရောက်ခဲ့သည့် အပူလှိုင်း နောက်ဆုံးကျသည့်နေ့တွင် ယင်းတောမီးလောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တောမီးကို ငြိှမ်းသတ်ရန် မီးသတ်သမား ၁,၁၅၀ ကျော်ကို အသုံးပြုထားသည်ဟု  ကယ်လီဖိုးနီးယား သစ်တောနှင့်မီးကာကွယ်ရေးဌာန (CalFire) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောင်နေသော တောမီး၏ သုံး ရာခိုင်နှုန်းကိုသာ ထိန်းထားနိုင်သည်ဟု ဆို သည်။

ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ အချိန်ထိ တောမီးသည်  ၁၂၄,၉၄၉ ဧက လောင်ထားပြီးဖြစ်သည်ဟု CalFire က ထုတ်ပြန်ထားသည်။

လူ ၃,၅၀၀ ကျော်သည် ယင်းဧရိယာမှ ရွှေ့ပြောင်းခဲ့ရသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွမ်က ပြောကြားခဲ့သည်။

မီးဘေးခြိမ်းခြောက်ခံနေရသော ချီကိုမြို့သည် ပါရာဒိုက်မြို့၏ အနောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသည်။ ပါရာဒိုက်မြို့သည် ၂၀၁၈ တုန်းက ကြီးမားသော တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည် မြို့ဖြစ်ပြီး တောမီးကြောင့် လူ ၈၅ ဦးသေဆုံးခဲ့သော မြို့လည်းဖြစ်သည်။

The Park Fire တောမီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု  CalFire၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှု စတင်ဖြစ်ပွားရာနေရာအနီးတွင် မည်သူမည်ဝါမှန်းမသိရသော အမျိုးသားတစ်ဦးက မီးလောင်နေသော ကားကို လျှိုထဲသို့ တွန်းချခဲ့ပြီးနောက် တောမီးလောင်ခြင်းကို အစပျိုးခဲ့သည်ဟု ယူဆရသော အသက် ၄၂ နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးထားသည်ဟု ဘတ်ကောင်တီခရိုင်ရှေ့နေ မိုက်ရမ်ဆေးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကားသည် လုံးဝမီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ ဥယျာဉ်ထဲတွင် မီးလောင်မှုကို ဖြစ်ပေါ်စေခဲ့သော မီးတောက်များကို ပြန့်သွားစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

ဇူလိုင် ၂၅ ရက်တွင် အမျိုးသားမိုးလေဝသဌာနက ယင်းဧရိယာတစ်ဝိုက်၌ အနီရောင်မိုးလေဝသ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး သတိပြုရမည့် မီးလောင်စေသော မိုးလေဝသအခြေအနေများအတွက် သတိ ပေးခဲ့သည်။ လေပြင်းများတိုက်နိုင်ပြီး လေထုစိုထိုင်းစ ကျဆင်းနေသည်ဟု ဖော်ပြခဲ့သည်။

အမေရိကန် အနောက်ပိုင်းပြည်နယ်ဖြစ်သော ကယ်လီဖိုးနီးယားသည် ဇွန်လဆန်းပိုင်းကတည်းက အပူလှိုင်းအချို့ကို ကြုံတွေ့ခဲ့ရသည်။ တောမီး ဒါဇင်ပေါင်းများစွာသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်နေသည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယား၏ မြောက်ပိုင်းအိမ်နီးချင်းပြည်နယ်ဖြစ်သော အော်ရီဂွန်သည် အမေရိကန်နိုင်ငံတွင် အကြီးဆုံးဖြစ်သော ဧရာမတောမီးများကို ငြိှမ်းသတ်နေရသည်။ ထိုတောမီးသည် သစ်တောဧက ၂၆၈,၀၀၀ ကျော်ကို ပျက်စီးစေခဲ့သည့်အပြင် အော်ရီဂွန်ပြည်နယ်၏ ကျေးလက်ဒေသများတွင် လူများနေရပ်စွန့်ခွာ ခဲ့ရသည်ဟု ဆိုသည်။

ပြင်းပြင်းထန်ထန်လောင်နေသော မီးများက မီးခိုးလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ရာ အိမ်နီးချင်း အိုင်ဒါဟိုအထိ လေထုသန့်စင်မှုကို ထိခိုက်စေခဲ့သည်ဟု သိရသည်။

ကနေဒါ အနောက်ပိုင်းတွင်လည်း တောမီးများ လောင်လျက်ရှိသည်။ ကနေဒါနိုင်ငံ၏ ခရီးသွားမြို့ဖြစ်သော ဂျက်စပါသည် တောမီးများကြောင့် ပျက်စီးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent