လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သိရ

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သိရ
Published 25 July 2024

လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို MNDAA က သိမ်းပိုက်နိုင်ပြီဆိုသည့် သတင်များမှာ မှန်ကန်မှုမရှိကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ကိုးကန့် MNDAA အနေဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီအချိန်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မည်ဟု ထုတ်ပြန်ကြောင်း Exlie မီဒီယာများတွင် ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရပြီး တပ်မတော်နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်များနှင့် ဒေသခံများ၏အဆိုအရ ၎င်းသတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရသည်။

ထို့အပြင် နေပြည်တော် စစ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကို Eleven Media Group အနေဖြင့် စုံစမ်းမှုအရ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ထားခြင်းမရှိကြောင်း ယနေ့(ဇူလိုင် ၂၅ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြေကြားထားမှုအရ သိရသည်။

Eleven Media ၏ စုံစမ်းမှုအရ ရမခ စစ်တိုင်းဌာနချုပ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လားရှိုးမြို့အနီးရှိ ၅၀၇ တပ်စခန်းကုန်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး MNDAA နှင့် တပ်မတော်ကြား ယင်းနေရာတွင် အပြန်အလှန် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

Exlie မီဒီယာများတွင် ဖော်ပြထားသော ရမခကို MNDAA က သိမ်းပိုက်လိုက်သည်ဆိုသည့် သတင်းများတွင်လည်း ၅၀၇ တပ်စခန်းတွင် ယင်းတို့၏ အလံစိုက်ထူနေမှုကို တွေ့ရပြီး MNDAA အနေဖြင့် ၅၀၇ ကုန်းကို သုံးပုံနှစ်ပုံခန့်တွင် ဝင်ရောက်နေရာယူထားသည့် အခြေအနေမျိုးရှိနေကြောင်း သိရှိရသည်။

ထို့အပြင် လားရှိုးမြို့ တိုက်ပွဲများအတွင်း အရေးပါသည့် ၅၀၇ တပ်စခန်းကုန်းကို တပ်မတော်ကလည်း ထိန်းချုပ်နိုင်ရန် လေကြောင်းပစ်ကူများနှင့် အပြင်းအထန်ခုခံကာ ပြန်လည်ထိုးစစ်ဆင်မှုများ ရှိနေကြောင်း သိရသည်။

ရမခကို သိမ်းလိုက်ပြီဆိုတာ မဖြစ်နိုင်ဘူး။ ရမခထဲမှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာလည်း မကြားရဘူး။ ၅၀၇ ဘက်မှာတော့ MNDAA ဘက်က အလုံးအရင်းနဲ့ တိုးနေတာကြားရတယ်။ အရင်နေ့တွေကလည်း ၄၁၊ ၆၈ ဘက်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်။ မြို့အပြင်နေရာတွေကနေ MNDAA တွေ စိမ့်ဝင်ပြီး နေရာယူဖို့ လုပ်နေကြတယ်လို့လည်း ကြားသိရတယ်။ တပ်မတော်ဘက်ကလည်း မြို့တွင်းမှာ လုံခြုံရေးပြင်ဆင်မှုတွေ လုပ်နေတာရှိတယ်လို့ သိရတယ် ဟု စစ်ပွဲအခြေအနေများကို လေ့လာသိရှိသည့် လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ယမန့်နေ့က MNDAA တပ်ဖွဲ့များ၏ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက် ၅ အောင်မင်္ဂလာဈေးလမ်းနှင့် ဘုံကျောင်းလမ်းကြား ၃၉ လမ်းအနီးတွင် နေအိမ်မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက် ၄ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဘက်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရပ်ကွက် ၁ မြို့နယ်လဝကရုံးအောက်ဘက် အေးချမ်းသာယာဓမ္မာရုံဘက်တွင်လည်း ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပစ်ခတ်သံများ ကြားရကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောကြားထားသည်။

MNDAA နှင့် ပူးပေါင်းအဖွဲ့အနေဖြင့် ခလရ (၆၈) နှင့် လားရှိုးထောင် အနီးတစ်ဝိုက်တွင်လည်း အပြင်းအထန် တိုက်ခိုက်လာမှုများရှိနေပြီး လက်ရှိအချိန်ထိ ယင်းဒေသတစ်ဝိုက်ကိုလည်း ၎င်းတို့သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း MNDAA အဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်မှုများနှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကာ လားရှိုးဒေသခံအများအပြားသည်လည်း အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်နေရပြီး မြို့တွင်းတွင် ရွှေ့ပြောင်းခြင်းမရှိသေးဘဲ နေထိုင်နေသည့် ဒေသခံများလည်းရှိသည်။

လားရှိုးစစ်ပွဲသတင်းများနှင့်ပတ်သက်၍ မြေပြင်တွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ရရှိပါက အချိန်နှင့်တပြေးညီ ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Most Read

Most Recent