လားရှိုးရှိ ခလရ(၆၈)၊ ခလရ(၄၁)နှင့် မြို့အနီး နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

လားရှိုးရှိ ခလရ(၆၈)၊ ခလရ(၄၁)နှင့် မြို့အနီး နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
Published 23 July 2024

လားရှိုးရှိ ခလရ(၆၈)၊ ခလရ(၄၁)နှင့် မြို့အနီးနေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးရှိ ခလရ(၆၈) အား MNDAA အဖွဲ့က သိမ်းပိုက်ရရှိခြင်းမရှိသေးဘဲ ခလရ(၆၈)အား တပ်မတော်အနေဖြင့် ထိန်းချုပ်ထားဆဲဖြစ်ပြီး တပ်ရင်း ကာကင်းကုန်းတစ်ခုကို MNDAA အဖွဲ့က ဝင်ရောက် နေရာရယူထားခြင်းသာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု လားရှိုးတိုက်ပွဲအခြေအနေသိရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ခလရ(၄၁) ကို MNDAA အဖွဲ့က ဇူလိုင် ၂၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ရောက်နေရာယူခဲ့သော်လည်း တပ်မတော်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ခလရ(၄၁) အား ဇူလိုင် ၂၃ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်ထားကြောင်းသိရသည်။

ထို့အတူ တပ်မတော်နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင်လည်း ခလရ(၆၈)နှင့် ခလရ(၄၁)အား တပ်မတော်ကလက်လွှတ်ရခြင်းမရှိသေးကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

Exile မီဒီယာများတွင် ခလရ(၆၈)နှင့် ခလရ(၄၁) အား MNDAA အဖွဲ့က သိမ်းပိုက်ရရှိကြောင်း ဖော်ပြလျက်ရှိသည်။

လားရှိုးတိုက်ပွဲအတွင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးတို့ဦးဆောင်၍ တပ်ဖွဲ့ဝင်စုစုပေါင်း ၃ဝဝ ခန့် လက်နက်ချအလင်းဝင်ခဲ့သည်ဟု MNDAA က ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်ခဲ့သလို Exile မီဒီယာများက သတင်းများများကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

 လားရှိုးမြို့တဝိုက်တွင် တပ်စွဲထားသည့် တပ်များမှ ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်သား စုစုပေါင်း ၃၁၇ ဦး ဇူလိုင် ၂၁ ရက်မှာ ၎င်းတို့ထံ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း  MNDAA က ယနေ့တွင် ထုတ်ပြန်လာခဲ့ခြင်းလည်းဖြစ်ပြီး ဒုဗိုလ်မှူးကြီးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်ကာ ဗိုလ်ကြီး ၅ ဦးအပါအဝင် တပ်သားစုစုပေါင်း ၃၁၇ ဦးနှင့်အတူ လက်နက်ချခဲ့သည်ဟု ဆိုသည်။

လက်ရှိလားရှိုးတိုက်ပွဲအတွင်း တပ်မတော်ဘက်မှ တိုက်ခိုက်ရေးတပ်သားအများအပြား MNDAA အဖွဲ့ထံ လက်နက်ချသည့်ဖြစ်စဉ်မျိုးမရှိသေးဘဲ ယခု MNDAA ကထုတ်ပြန်ခဲ့သည့် ၎င်းတို့ထံလက်နက်ချ အလင်းဝင်သည်ဆိုသည့် တပ်မတော်သားများသည် လားရှိုး အမှတ်(၁၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ-၁၁)မှ သင်တန်းသားသစ်များနှင့် နည်းပြများဖြစ်ကြောင်း Eleven Media ၏ စုံစမ်းသိရှိမှုအရ သိရသည်။

MNDAA အဖွဲ့က ဇူလိုင် ၁၂ ရက် အဆိုပါသင်တန်းကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကျောင်းမှ သင်တန်းသားသစ်များနှင့် နည်းပြများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ယခုအခါ တိုက်ခိုက်ရေးတပ်သားများ အလင်းဝင်ရောက်သည့်သဘော သတင်းထုတ်ပြန်လာခြင်းဖြစ်သည်ဟု သိရသည်။

“၄၁ နှင့် ၆၈ မှာ တိုက်ပွဲပြင်းထန်ပါတယ်။ အရင်နေ့က  ၄၁ တပ်ဘက်သို့ တိုးဝင်လာသော MNDAA အနေဖြင့် အထိအခိုက်ရှိပြီးပြန်လည်ဆုတ်ခွာသွားပါတယ်။ ၆၈ တပ်က ကာကင်းစခန်းကို MNDAA ကသိမ်းပိုက်တာဖြစ်ပြီး အခုလည်း ဆက်လက်တိုက်ပွဲပြင်းထန်နေဆဲပါ။ Exile မီဒီယာတွေမှာ ရေးသားသလို လာရှိုးတပ်တွေက တပ်ဖွဲ့ဝင်တွေ လက်နှက်ချမှုများရှိတယ်ဆိုတာမဟုတ်ပါဘူး။ လေ့ကျင့်ရေးတပ်ဖြစ်တဲ့ စခတ ၁၁ ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခံရမှုမှာ သင်တန်းနည်းပြအချို့နဲ့ သင်တန်းသား စုစုပေါင်း တစ်ရာဝန်းကျင်လောက်ပဲ ဖမ်းဆီးခံရတာ။ လေ့ကျင့်ရေးတပ်က အခြားတပ်ဖွဲ့ဝင်တွေက လားရှိုးမြို့အတွင်းမှာရှိတဲ့ တပ်တွေနဲ့ ပူးပေါင်းထားပါတယ်။ ဖြစ်တာကလည်း လွန်ခဲ့တဲ့နှစ်ပတ်လောက်ကပါ။ လောလောဆယ် လားရှိုးမှာ တိုက်ခိုက်ရေးတပ်တွေ လက်နက်ချအလင်းဝင်တာမဟုတ်ပါဘူး” ဟု လားရှိုးစစ်ရေးအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၃ ရက်တွင် လားရှိုးမြို့တစ်ဝိုက် တိုက်ပွဲအခြေအနေပိုမိုပြင်းထန်ကြောင်း၊ ပြည်ထောင်စုလမ်းမကြီးနှင့်နီးကပ်သည့် မန်ဆူဘုရားကျောင်း၊ အထက(၃) ကျောင်းဘက်များမှလည်း ပစ်ခတ်သံများကြားရကြောင်း၊ တိုက်ပွဲများသည် လားရှိုးမြို့ဆင်ခြေဖုံးနေရာတွေကနေ မြို့ထဲ အထိ စိမ့်ဝင်လာနေသည့်အခြေအနေမျိုး ဖြစ်လာကြောင်း လားရှိုးမြို့ဒေသခံအချို့၏ လူမှုကွန်ရက်တွင် ထုတ်လွှင့်ထားပြောကြားသည့် ရုပ်သံဖိုင်မှတ်တမ်းများအရ သိရသည်။

လားရှိုးမြို့တွင် ဒေသခံများကူညီပေးနေသူတစ်ဦးဖြစ်သည့် ကိုနေမျိုးက ၎င်း၏ဖေ့စ်ဘွတ်အကောင့်တွင် ဇူလိုင် ၂၃ ရက် မွန်းလွဲတစ်နာရီခန့်က “စားဖို့ အခက်အခဲဖြစ်နေသူ အိမ်ထောင်စု(၁ဝဝ)နဲ့ ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်း(၂)ကျောင်းကို လှူဒါန်းပေးခဲ့ပါတယ်။ လူမျိုး/ဘာသာ မခွဲခြားပဲ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ တချို့ဘာသာခြားတွေက လာမယူရဲလို့ ခေါ်ပေးရတာတွေ ရှိပါတယ်။ ယခုအချိန် အားလုံး ဒုက္ခရောက်နေသူအချင်းချင်း မခွဲခြားပါဘူး။  ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကူညီပေးဖို့ မဖြစ်နိုင်လို့ ချိတ်ဆက်လာသူတွေကို ဘာမှလုပ်မပေးဖြစ်ပါ။စစ်ဘေးရှောင်တွေအတွက် ဆန်/ဆီ/ကြက်ဥ နဲ့ ကုန်စိမ်းတွေ ဝယ်ရခက်နေသလို သွားဖို့လာဖို့လဲ အခက်အခဲ ရှိလာပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်နေလို့ တချို့နေရာတွေမှာ ပိတ်မိနေတဲ့လူတွေ အများကြီးကျန်နေပါတယ်။ ဒုက္ခသည်တွေကို သွားရောက်ထောက်ပံ့ပေးချင်ပေမယ့် သွားမရပါ။ လမ်းတွေ ပိတ်ထားပါတယ်။ သွားခွင့်မပြုပါ။ ပြန်လှည့်လာရပါတယ်။လမ်းမှာ ဘယ်အဖွဲ့နဲ့ တွေ့တွေ့ ကား/ဆိုင်ကယ်နဲ့သွားနေရင် အရှိန်လျှော့ပါ၊ ကားဆို မှန်ချမောင်းပါ၊ ပြန်လှည့်ခိုင်းရင် ပြန်လှည့်ကြပါ။ ပစ်ခတ်မှုတွေဖြစ်နေရင် မသွားတာ ကောင်းပါတယ်” ဟု ရေးသားထားသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက် ၁ မှ ၆ အထိဘက်အခြမ်းတွင် ပစ်ခတ်သံများခပ်စိတ်စိတ်ကြားရကြောင်း၊ ဈေးဆိုင်များလည်း သိပ်မဖွင့်ကြတော့ကြောင်း၊ ဖုန်းလိုင်းများလည်း မရသည့်နေရာများသဖြင့် မိသားစုများနှင့် ချိတ်ဆက်မရ ဖြစ်နေကြကြောင်း၊ အများစုသည် ဘေးကင်းကြကြောင်း၊  ပြေးလာကြသူများလည်း စစ်ရှောင်စခန်းများ၊ ဘုန်းကြီးကျောင်း နှင့် ခရစ်ယာန်ကျောင်းတွင် ရောက်ကုန်ကြပြီဖြစ်ကြောင်း ကိုနေမျိုးက ရေးသားထားသည်။

လားရှိုးမြို့တွင် စစ်ဘေးရှောင်သွားသည့် ဒေသခံများ၏ နေအိမ်များ၊ ဈေးဆိုင်များ ဖောက်ထွင်းခံရမှုများရှိပြီး ဇူလိုင် ၂၃ ရက်ကလည်း ရပ်ကွက်(၅) အောင်မင်္ဂလာဈေးအား လာရောက်ဖောက်ထွင်းကာ ပစ္စည်းရယူနေသူများလည်းရှိကြောင်း ၎င်းဈေးအတွင်း ဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်သည့် မိုးအေးအကောင့်ပိုင်ရှင်က ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တင်ထားသည်ကိုတွေ့ရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း MNDAA အဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်မှုများနှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကာ လားရှိုးဒေသခံအများအပြားသည်လည်း အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်နေရပြီး မြို့တွင်းတွင် ရွှေ့ပြောင်းခြင်းမရှိသေးဘဲ နေထိုင်နေသည့် ဒေသခံများလည်းရှိသည်။

Most Read

Most Recent