အမျိုးသားညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့အစည်းများနှင့် သဘောတူညီချက်တစ်ရပ်ကို ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်ဟု ဟားမာ့စ် ကြေညာ

အမျိုးသားညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့အစည်းများနှင့် သဘောတူညီချက်တစ်ရပ်ကို ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်ဟု ဟားမာ့စ် ကြေညာ
အမျိုးသားညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရန် ပါလက်စတိုင်းအဖွဲ့အစည်းများပေကျင်း၌ လက်မှတ်ရေးထိုးနေပုံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(လယ်)ကြည့်နေသည်ကို ဇူလိုင် ၂၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အမျိုးသားညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရန် ပါလက်စတိုင်းအဖွဲ့အစည်းများပေကျင်း၌ လက်မှတ်ရေးထိုးနေပုံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(လယ်)ကြည့်နေသည်ကို ဇူလိုင် ၂၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 July 2024

အမျိုးသားညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြိုင်ဘက်ဖာတာအပါအဝင်အခြားသော ပါလက်စတိုင်း အဖွဲ့အစည်းများနှင့် သဘောတူညီချက်တစ်ရပ်ကို ပေကျင်းတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ဇူလိုင် ၂၂ ရက်တွင် ဟားမာ့စ်က ကြေညာခဲ့သည်။

ယခု သဘောတူညီချက်သည် စစ်ပွဲပြီးဆုံးသွားသည်နှင့်တစ်ပြိုင်တည်း ဂါဇာကို အတူတကွအုပ်ချုပ်ရန်သဘောတူညီချက်ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

၎င်းတို့သည်စစ်အပြီး ဂါဇာကို အုပ်ချုပ်ရန် ယာယီအမျိုးသားရင်ကြားစေ့ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူခဲ့ကြသည်ဟု ဟားမာ့စ်အကြီးတန်းတာဝန်ရှိသူ မူဆာအဘူမာဇွတ်၊ ဖာတာသံတမန် မာမွတ်အယ်လ်အလူ၊ အခြားပါလက်စတိုင်းအုပ်စု ၁၂ ခုမှ ကိုယ်စားလှယ်တော်များကို အိမ်ရှင်အဖြစ်လက်ခံ ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အမျိုးသားညီညွတ်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို ဒီနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီခရီးစဉ်ပြီးဆုံးရေးအတွက် လမ်းကြောင်းဟာအမျိုးသားညီညွတ်ရေးဖြစ်တယ်လို့ ကျွန်တော်တို့ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့ကိုလည်းကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ဝမ်ယိနှင့် အခြားသောသံတမန်များကို တွေ့ဆုံခဲ့ပြီးနောက် အဘူမာဇွတ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲသည် ကိုးလကျော်ကြာမြင့်လာချိန်တွင် အထက်ပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ် သည်။ ဟားမာ့စ်ကအစ္စရေးကိုတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁,၁၉၇ ဦးသေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အစ္စရေးအရပ်သား များဖြစ်သည်ဟု အစ္စရေးထုတ်ပြန်သော အရေအတွက်ကိုအခြေခံ၍အေအက်ဖ်ပီသ တင်းဌာနကဖော်ပြသော စာရင်းအရသိရသည်။

ဟားမာ့စ် စစ်သွေးကြွများသည် ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးသွားခဲ့သည်။ သေဆုံးသူ ၄၄ ဦးအပါအဝင်၎င်းတို့ထဲက ၁၁၆ ဦးသည် ဂါဇာတွင်ရှိနေဆဲဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

ဂါဇာတွင် အစ္စရေးလုပ်ဆောင်နေသော လက်တုံ့ပြန်သည့် စစ်ဆင်ရေးကြောင့် လူ ၃၉,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာရှိကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါဇာတွင် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်သည်ဟု ဆိုသည်။

အတော မသတ်တိုက်ခိုက်နေခြင်းကြောင့် ဂါဇာသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းထဲကို ထိုးဆင်းသွားခဲ့ရသည်။

တရုတ်သည် ပါလက်စတိုင်းပဋိပက္ခတွင် ဖျန်ဖြေသော ကဏ္ဍမှပါဝင်ရန်ကြိုးပမ်းလျက်ရှိသည်။ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေသော ဟားမာ့စ်နှင့် အသိမ်းပိုက်ခံအနောက် ဘက်ကမ်းကို တစ်စိတ်တစ်ပိုင်းအုပ်ချုပ်နေသောဖာတာတို့ ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်မှုများကြောင့် ယင်းပဋိပက္ခသည် ပိုမိုရှုပ် ထွေးလျက်ရှိသည်။

အစ္စရေးကို အဓိကထောက်ခံသော အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက စစ်ပွဲပြီးသည့်အခါ ဂါဇာအုပ်ချုပ်ရေးအတွက် ဖြစ်နိုင်ဖွယ်အနေအထားများကို မှန်းဆနေကြသည်။                      

Ref: AFP

Most Read

Most Recent