သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရမည်ဆိုပါက စစ်ပွဲများရပ်သွားအောင် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့စင်မြင့်တွင် အမေရိကန်ဂုဏ်သိက္ခာကို ပြန်တင်မည်ဟု သမ္မတလောင်းဒေါ်နယ်ထရန့်ပြောကြား

သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရမည်ဆိုပါက စစ်ပွဲများရပ်သွားအောင် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့စင်မြင့်တွင် အမေရိကန်ဂုဏ်သိက္ခာကို ပြန်တင်မည်ဟု သမ္မတလောင်းဒေါ်နယ်ထရန့်ပြောကြား
Published 19 July 2024
Ref:AFP

ရီပတ်ဘလီကင်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရသော ဒေါ်နယ်ထရန့်က  ထိန်းမနိုင်သိမ်းမရဖြစ်နေသော နိုင်ငံတကာ အကျပ်အတည်းများ အဆုံးသတ်သွားစေရန်နှင့် ကမ္ဘာ့စင်မြင့်တွင် အမေရိကန်ဂုဏ်သိက္ခာကို ပြန်တင်ရန် ဇူလိုင် ၁၈ ရက်တွင် ကတိပေးခဲ့ပြီး ၎င်းက တယ်လီဖုန်းတစ်ချက်ဆက်ရုံဖြင့် စစ်ပွဲများကို တားဆီးနိုင်သည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကင်ပါတီညီလာခံ၏ နောက်ဆုံးနေ့တွင် ပြောကြားသော မိန့်ခွန်း၌ ထရန့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၃ ရက် လုပ်ကြံမှုခံရမှုဖြစ်ပွားပြီးနောက် ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် ထရန့်က သမ္မတဂျိုးဘိုင်ဒင်ကို ထိုးနှက်တိုက်ခိုက်ခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ဂျိုးဘိုင်ဒင်လက်ထက်တွင် ကမ္ဘာ၏ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပုံကို ပုံဖော်ရန်ကြိုးစားခဲ့ပြီး ကမ္ဘာသည် တတိယကမ္ဘာစစ်ဖြစ်လုနီးပါးအနေအထားကို ရောက်နေသည်ဟု ပြောကြားခဲ့သည်။   

“ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးတို့ကို ပြန်လည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်ဆိုသော်လည်း ယင်းသို့ဆောင်ရွက်မည့် အသေးစိတ်များကို ပြောကြားခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ထပ်မံလေးစားခံရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ပါ၀ါကို ဘယ်နိုင်ငံကမှ မေးခွန်းထုတ်မှာ မဟုတ်ပါဘူး။ဘယ်ရန်သူကမှ ကျွန်တော်တို့ရဲ့ အင်အားကို သံသယရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နယ်စပ်တွေဟာလည်း လုံးဝလုံခြုံသွားပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရန့်ကကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများအတွက် သမ္မတဂျိုးဘိုင်ဒင်ကို အပြစ်ပုံချခဲ့သည်။            

 

Most Read

Most Recent