ပြင်ပစျေးကွက်တွင် ဆေးဝါးစျေးနှုန်းများ ကြီးမြင့်နေသဖြင့် ဆေးကုမ္ပဏီများက ကုမ္ပဏီတိုက်ရိုက်စျေးနှုန်းဖြင့် ဆေးဝါးများ ရောင်းချပေးလျက်ရှိ

ပြင်ပစျေးကွက်တွင် ဆေးဝါးစျေးနှုန်းများ ကြီးမြင့်နေသဖြင့် ဆေးကုမ္ပဏီများက ကုမ္ပဏီတိုက်ရိုက်စျေးနှုန်းဖြင့် ဆေးဝါးများ ရောင်းချပေးလျက်ရှိ
Published 17 July 2024

ပြင်ပစျေးကွက်တွင် ဆေးဝါးစျေးနှုန်း များ ကြီးမြင့်နေသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လမ်းညွှန်မှု ဖြင့် ဆေးကုမ္ပဏီများက ကုမ္ပဏီတိုက်ရိုက် စျေးနှုန်းဖြင့် ဇူလိုင် ၁၇ ရက်မှ စတင်ကာ ပြည်သူများသို့ ဆေးဝါးများ ရောင်းချပေးလျက်ရှိသည်။

“လောလောဆယ်မှာ ဒီနေ့ ၁၇ ရက်က စပြီး ပြည်သူတွေရဲ့လိုအပ်ချက်အပေါ် မူတည်ပြီး ရောင်းချပေးမယ်။ ဘယ်နေ့အထိ ရောင်းမယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်း၊ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာဝင်းမော်ဖြိုးက The Daily Eleven သို့ ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ “ဆေးကုမ္ပဏီများမှ သုံးစွဲသူ ပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက် ရောင်းချနေခြင်း ဖြစ်သည်။

“စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းရဲ့ အသင်းဝင်းကုမ္ပဏီတွေက ဆေးဝါးသုံးစွဲသူ ပြည်သူများ သင့်တင့်မျှတသောစျေး နှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်စေရန်နဲ့  ဆေးဝါးများ မပြတ်လပ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အသင်းက ဦးဆောင် ကျင်းပတာဖြစ်ပါတယ်”ဟု ဒေါက်တာဝင်းမော်ဖြိုးက ဆိုသည်။

အဆိုပါပြပွဲတွင် ဆေးဝါးများကို လျှော့စျေး(Discount) ဖြင့် ရောင်းချခြင်းမဟုတ်ဘဲ ဆေးကုမ္ပဏီများက တိုက်ရိုက်ဖွင့်သည့် စျေးနှုန်းများဖြင့် ရောင်းချခြင်းဖြစ်သဖြင့် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊  အချို့ကုမ္ပဏီများကမူ အထူးလျှော့စျေးသတ်မှတ်ကာ ဆေးဝါးအချို့ကို တစ်ဗူးဝယ်လျှင် တစ်ဗူးလက်ဆောင် ပေးသည့်စနစ်များဖြင့် ရောင်းချပေးလျက်ရှိသည်။

“ဒီမနက်ဝယ်ခဲ့တာ ဆေးစျေးတွေ အကုန်သက်သက်သာသာနဲ့ ဝယ်ခဲ့ရတယ်။ Decolgen တစ်ကဒ်ကို အပြင်က ဆိုင်တွေမှာ ၃၀၀၀၊ အခု ဒီပြပွဲမှာ ၂၂၀၀ နဲ့ ရောင်းပေး နေတယ်။ Mixagrip တစ်ကဒ်ကို ၁၁၀၀ ၊ အပြင်မှာ ဝယ်ရင် ၁၅၀၀၊ ၁ရဝဝရှိတယ်။ တခြားဆေးတွေပေါ့၊ ဆီးချိုသွေးချိုသမားတွေအတွက် ဆေးတွေလည်း ကုမ္ပဏီအလိုက် ရောင်းချပေးနေပါတယ်”ဟု အဆိုပါပြပွဲသို့ လာရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြော ကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ ပြည်သူများထံသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ ဆေးဝါးများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများအား အဆိုပါဆေးရောင်းချပွဲတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“အပြင်မှာ ဆေးဝါးစျေးတွေ တက်တယ်လို့ ပြောကြတဲ့အတွက် ပြည်သူတွေ အနေနဲ့ သက်သက်သာသာနဲ့၊ တကယ်တမ်းကျတော့ ဆေးဝါးကုမ္ပဏီတွေက သက်သာတဲ့စျေးနှုန်းတွေနဲ့  ဖြန့်ဖြူးနေတယ်ဆိုတာ အ များပြည်သူ မျက်မြင်ကိုယ်တွေ့သိအောင် လက်တွေ့စျေးသက်သက်သာသာနဲ့ ရောင်းချနေတယ်ဆိုတာ  သိအောင်လို့ ဒီပြပွဲကို ကျင်းပတာဖြစ်ပါတယ်”ဟု  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဗ ဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမော်ဖြိုးက ပြောကြားခဲ့သည်။

Most Read

Most Recent