ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်အပေါ် ဆန္ဒပြမှုအတွင်း အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၄၀၀ ကျော် ဒဏ်ရာရရှိ

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်အပေါ် ဆန္ဒပြမှုအတွင်း အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၄၀၀ ကျော် ဒဏ်ရာရရှိ
ဇူလိုင် ၁၅ ရက်က ဒါကာမြို့ပြင်ရှိ ဂျာဟန်ဂီယာ နာဂါတက္ကသိုလ်၌ ဆန္ဒပြမှုအတွင်း ကျောင်းသားများ အဓိကရုဏ်းဖြစ်ပွားနေစဉ်(Photo: AP)
ဇူလိုင် ၁၅ ရက်က ဒါကာမြို့ပြင်ရှိ ဂျာဟန်ဂီယာ နာဂါတက္ကသိုလ်၌ ဆန္ဒပြမှုအတွင်း ကျောင်းသားများ အဓိကရုဏ်းဖြစ်ပွားနေစဉ်(Photo: AP)
Published 16 July 2024

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်များအတွက် ခွဲတမ်းချသည့်စနစ်နှင့် ပတ်သက်၍ ဖြစ်ပွားလျက်ရှိသော ဆန္ဒပြမှုများအတွင်း လူ ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများက ဇူ လိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်က ပြိုင်ဘက် ကျောင်းသားအုပ်စုများအကြား အချင်းများမှုကြောင့် လူရာနှင့်ချီ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၅ ရက်က မြို့တော်ဒါကာရှိ တက္ကသိုလ်နှစ်ခုတွင် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြမှုများ ပြုလုပ်နေစဉ် တုတ်များ၊ ကျောက်ခဲများ၊ တောခုတ်ဓားများနှင့် ဓာတ်ဆီဗုံးများကိုင်ဆောင်ထားသော အာဏာရပါတီဘက်မှ တက်ကြွလှုပ်ရှားသူ ကျောင်းသားများက ၎င်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ထိပ်တန်းတရားရုံးက ကျောင်းသားများအား စာသင်ခန်းထဲသို့ ပြန်ဝင်ရန် တိုက်တွန်းနှိုးဆော်မှုကို လျစ်လျူရှုကာ ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်အား ဟန့် တားရန် အာဏာပိုင်များက ကြိုးပမ်းနေခိုက်ထိုဖြစ်စဉ်ကြောင့် တင်းမာမှုများ ရုတ်ခြည်း အရှိန်မြင့်တက်လာခဲ့သည်။

“အဓိကရုဏ်းဖြစ်စဉ်အပြီးမှာ Dhaka Medical Collage ဆေးရုံမှာ ဆေးကုသမှုခံယူနေသူ ၂၉၇ ယောက်ရှိပြီး အဲဒီထဲက ၁၂ ဦးကို ဆေးရုံတင်ထားရတယ်” ဟု ရဲအရာရှိ ဘက်ချူမီယာက AFP သတင်းဌာနသို့ပြော ကြားခဲ့သည်။

ဂျာဟန်ဂါနာဂါ တက္ကသိုလ်တွင် နောက်ထပ်ဆန္ဒပြသူ ၁၁၁ ဦးကိုလည်း တက္ကသိုလ်နယ်မြေရှိ ဆေးခန်းတစ်ခုနှင့် အနီးနားရှိဆေးရုံတစ်ရုံတို့တွင် ကုသမှုခံယူခဲ့သည်ဟု သိရသည်။

“ကျောင်းသား ၁၀၀ ကျော်ကို ဆေးကုသပေးထားတယ်”ဟု ဂျာဟန်ဂါနာဂါ တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာစင်တာ အကြီးအကဲ ရှမ်ဆူအာ ရာမန်က ပြောကြားသည်။

Enam Medical Collage ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ ယူဆွတ်ဖ်အလီကလည်း လူနာ ၁၁ ဦးကို ဆေးကုသမှုပေးထားသည်ဟု ပြောကြားခဲ့သည်။

“ရော်ဘာကျည်ထိထားတဲ့ ပါမောက္ခတစ်ဦးအပါအဝင် လူလေးဦးကို ဆေးရုံတင်ထားဆဲဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အစိုးရအလုပ်အကိုင်များကို ခွဲတမ်းစနစ်ဖြင့်ပေးမှုကို ရုပ်သိမ်းပေးရန် ကျောင်းသားများက သီတင်းပတ်များစွာကြာအောင် နေ့စဉ်နီးပါး ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိခွဲတမ်းစနစ်အရ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၏ သားသမီးများ အပါအဝင် အခွင့်ထူးခံအုပ်စုအတွက် လစာကောင်းသော အစိုးရရာထူးနေရာများ၏ ထက်ဝက်ကျော်ကို သီးသန့်ဖယ်ထားခြင်းဖြစ်သည်။

ယင်းစနစ်သည် ဝန်ကြီးချုပ်ဟာဆီနာကို ထောက်ခံသည့် အစိုးရလိုလားသော အုပ်စုများ၏ သားသမီးများကိုသာ အကျိုးရှိစေသည်ဟု ဝေဖန်သူများက ဆိုသည်။ ဟာဆီနာသည် အတိုက်အခံ မည်မည်ရရမရှိသော ဇန်နဝါရီလ ရွေးကောက်ပွဲတွင် သက်တမ်းလေးကြိမ်ဆက် အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်အသုံးပြုကာ ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့ခြင်းကြောင့် နိုင်ငံအရှေ့ပိုင်းကိုမီလာမြို့တွင် ကျောင်းသား ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဇူလိုင် ၁၆ ရက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်မှုသည် ဆန္ဒပြလှုပ်ရှားမှုများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်သည်။

Ref: BBC

Most Read

Most Recent