ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးနောက် စပိန်ကွင်းလယ်ကစားသမား ရိုဒရီ Ballon d'Or ဆု ရရှိရန် ပိုမိုရေပန်းစားလာ

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးနောက် စပိန်ကွင်းလယ်ကစားသမား ရိုဒရီ Ballon d'Or ဆု ရရှိရန် ပိုမိုရေပန်းစားလာ
Photo: AFP
Photo: AFP
Published 16 July 2024

စပိန်အသင်း၏ ကွင်းလယ်ကစားသမား ရိုဒရီသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d'Or) ဆုရရှိရန် ပိုမိုရေပန်းစားလာကြောင်း သိရသည်။

ရိုဒရီ(၂၈ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သော စပိန်အသင်းအတွက် (၅၂၁)မိနစ် ယှဉ်ပြိုင်ကစားကာ (၁)ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

၎င်းသည် ဘောလုံးပေးပို့မှု (၉၂.၈၄%) တိကျမှန်ကန်ခဲ့ပြီး စပိန်အသင်း၏ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သူဖြစ်သည်။

ရိုဒရီသည် စပိန်လက်ရွေးစင်အသင်းနှင့်အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သည်။

မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက် ရယူနိုင်ခဲ့ရာတွင် အဓိကအကျဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သောကြောင့် ယခု ယူရို၌ အောင်မြင်မှုရယူနိုင်ခဲ့အပြီးတွင် Ballon d'Or ဆုအတွက် ပိုမိုရေပန်းစားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ထုတ်ပြန်ထားသော အလေးပေးမှုများအရ ရီးယဲလ်နှင့် ဘရာဇီးလ်တိုက်စစ်မှူး ဗင်နီစီယပ်စ်က ရေပန်းအစားဆုံးဖြစ်နေပြီး ရိုဒရီက ရီးယဲလ်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို ကျော်ဖြတ်ကာ ဒုတိယရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်သည်။

သို့သော် Goal.com မှ ထုတ်ပြန်သည့် စွမ်းဆောင်ရည်မှတ်တမ်းတွင်မူ ရိုဒရီသည် Ballon d'Or ဆုရရှိရန် အလားအလာအကောင်းဆုံးကစားသမားဖြစ်နေပြီး ဗင်နီစီယပ်စ်က ဒုတိယနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများ ရယူနိုင်ခဲ့သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည်။

၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ(၂၈)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်စာရင်းကို စက်တင်ဘာ(၄)ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ယခုနှစ်အတွက်လည်း တစ်ရာသီစာ စွမ်းဆောင်ရည်မှတ်တမ်းဖြင့်ပင် အကဲဖြတ်ရွေးချယ်မည်ဖြစ်ပြီး ၂၀၂၃ သြဂုတ်(၁)ရက်နေ့မှ ၂၀၂၄ ဇူလိုင်(၃၁)ရက်နေ့အတွင်းမှ စွမ်းဆောင်ရည်အပေါ် မူတည်မည်ဖြစ်သောကြောင့် ယူရို-၂၀၂၄ နှင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲများမှာလည်း အရေးပါမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent