အယ်လ်အစ်တီဟတ်နည်းပြအဖြစ် ဘလန့် ခန့်အပ်ခံရ

အယ်လ်အစ်တီဟတ်နည်းပြအဖြစ် ဘလန့် ခန့်အပ်ခံရ
Photo : Getty Images
Photo : Getty Images
Published 15 July 2024

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ပြင်သစ်လက်ရွေးစင်နည်းပြဟောင်း လောရင့်ဘလန့်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

အယ်လ်အစ်တီဟတ်အသင်းသည် အာရှချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်မရသည့်အတွက် အာဂျင်တီးနားနည်းပြ ဂယ်လာဒိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီး လောရင့်ဘလန့်ကို အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လောရင့်ဘလန့်(၅၈ နှစ်)သည် စက်တင်ဘာလတွင် လိုင်ယွန်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး ဘော်ဒိုး၊ ပြင်သစ်၊ PSG၊ ကာတာကလပ် အယ်လ်ရေယန်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

လောရင့်ဘလန့်အား နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အယ်လ်အစ်တီဟတ်အသင်းက စနေနေ့တွင် အတည်ပြုကြေညာခဲ့သည်။

ဆော်ဒီမီဒီယာများ၏ ဖော်ပြမှုအရ အယ်လ်အစ်တီဟတ်အသင်းသည် လောရင့်ဘလန့်ကို (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်ထပ်မံသက်တိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

လောရင့်ဘလန့်သည် ဘန်ဇီမာ၊ ကွန်တေစသည့် ပြင်သစ်ကစားသမားများနှင့် အယ်လ်အစ်တီဟတ်အသင်းတွင် လက်တွဲသွားရမည်ဖြစ်သည်။

အယ်လ်အစ်တီဟတ်အသင်းသည် ၂၀၂၂-၂၃ ရာသီတွင် ဆော်ဒီပရိုလိဂ်ချန်ပီယံဆုရရှိခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ အဆင့်(၅)သာ ရရှိခဲ့သည်။

Most Read

Most Recent