စပိန်အသင်းကိုအနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း ကတိပေး

စပိန်အသင်းကိုအနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း ကတိပေး
Photo: AFP
Photo: AFP
Published 13 July 2024

 

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ယူရို ၂၀၂၄ ဗိုလ်လုပွဲတွင် စပိန်အသင်းကို အနိုင်ရရန်အတွက် မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ 

အင်္ဂလန်အသင်းသည် ဇူလိုင်လ ၁၀ ရက်(ဗုဒ္ဓဟူးနေ့)က ကစားခဲ့သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နယ်သာလန်အသင်း ကို အနိုင်ရပြီးနောက် ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သည်။ အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် အီတလီအသင်းနှင့် တွေ့ဆုံခဲ့သည်။ အင်္ဂလန်အသင်းသည် ၎င်းတို့၏အိမ်ကွင်းဖြစ်သည့် ဝင်ဘလေကွင်း၌ ကစားခဲ့ရသော်လည်း ယူရို ၂၀၂၀ ဗိုလ်လုပွဲတွင် အီတလီအသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

အင်္ဂလန်အသင်းသည် ယခု ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဖြစ် ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြနေသည့် စပိန်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ယူရို ၂၀၂၀ ဗိုလ်လုပွဲတွင် အီတလီ အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံး နိမ့်ခဲ့ရသည့်အတွက် ယနေ့တိုင် နာကျင်ခံစားနေရဆဲဖြစ်ပြီး စပိန်အသင်းနှင့်ပွဲတွင် ယင်းကဲ့သို့ နာကျင်မှုမျိုး နောက်တစ်ကြိမ် မခံစားရအောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟာရီကိန်းက "ဗိုလ်လုပွဲမှာ စပိန်အသင်းကို အနိုင်ရအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ တုန်းက ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုရရှိ ဖို့ ခြေတစ်လှမ်းအလိုမှာ လက်လွှတ်ခဲ့ရပါတယ်။ အဲဒီအတွက် အချိန်ကြာမြင့်စွာ ကျွန် တော်တို့ နာကျင်ခံစားခဲ့ရပါတယ်။ ယူရုုိ ၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းကိုရှုံးနိမ့်ခဲ့လို့ ကျွန်တော်တို့တစ်နိုင်ငံလုံး နာကျင်ခံစားခဲ့ရတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုယူရိုပြိုင်ပွဲမှာ ဒီလို အခိုက်အတန့်မျိုးရောက်လာဖို့အတွက် အစွမ်းကုန်ကြိုးစားထားတာပါ။ ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲမှာ လုပ်နိုင်တဲ့အရာအားလုံးကို လုပ်ဆောင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် ယခု ယူရို ၂၀၂၄ ပြိုင်ပွဲတွင် သုံးဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး စာရင်းတွင် ထိပ်ဆုံး၌ အော်လ်မို(စပိန်)၊ ဂက်ပို(နယ်သာလန်)၊ မူဆီယာလာ(ဂျာမနီ)တို့နှင့် ပူးတွဲရပ်တည်နေသော်လည်း ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ သို့သော် ဟာရီကိန်းက ဝေဖန်မှုများကို ဂရုမစိုက်ဘဲ ယူရိုချန်ပီယံဆုရရန်သာ အာရုံစိုက်ထားကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent