ဘာပေ၏ မိတ်ဆက်ပွဲအစီအစဉ်အား ရီးယဲလ်မက်ဒရစ်အတည်ပြုကြေညာခဲ့ပြီး မိုဒရစ်ကြောင့် နံပါတ် (၁၀) အား ဘာပေ မတောင်းဆိုခဲ့ဟု စပိန်မီဒီယာများဖော်ပြ

ဘာပေ၏ မိတ်ဆက်ပွဲအစီအစဉ်အား ရီးယဲလ်မက်ဒရစ်အတည်ပြုကြေညာခဲ့ပြီး မိုဒရစ်ကြောင့် နံပါတ် (၁၀) အား ဘာပေ မတောင်းဆိုခဲ့ဟု စပိန်မီဒီယာများဖော်ပြ
Photo: Madrid Zone
Photo: Madrid Zone
Published 11 July 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ ကြယ်ပွင့်ကစားသမားသစ်ဖြစ်သည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားအား ကြိုတင်သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇူလိုင် (၁၆) ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ဇွန် (၃) ရက်နေ့က ပြင်သစ်ကလပ် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ဘာပေအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကြောင်း အတည်ပြုကြေညာခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင်မှ ပရိသတ်များနှင့် တရားဝင်မိတ်ဆက်ပွဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်အသင်းသည် ဘာပေ၏မိတ်ဆက်ပွဲအခမ်းအနားအား ဂန္ထဝင်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို၏ မိတ်ဆက်ပွဲ (၂၀၀၉) ကဲ့သို့ပင် ခမ်းနားကြီးကျယ်စွာပြုလုပ်ရန် စီစဉ်ထားပြီး ပရိသတ် (၈၀၀၀၀)ကျော်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဘာပေသည် ရီးယဲလ်ကစားသမားဘဝ ပထမဆုံးရာသီ၌ ကျောနံပါတ် (၉)ကိုဝတ်ဆင်သွားမည်ဖြစ်ပြီး ၀ါရင့်ကွင်းလယ်တူ မိုဒရစ်အနားယူမှသာ ၎င်းအနှစ်သက်ဆုံးကျောနံပါတ် (၁၀)အားပြောင်းလဲ ဝတ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဘာပေသည် မိုဒရစ်ကို လေးစားမှုဖြင့် ကျောနံပါတ် (၁၀)အားတောင်းဆိုခဲ့ခြင်းမရှိကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။

Most Read

Most Recent