ဂါဇာစီးတီး၌ အပျက်အစီးများခဲ့သည့် ရှူဂျိုင်းယာတွင် လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးပြီးဆုံးသွားပြီဟု အစ္စရေးစစ်တပ် ထုတ်ပြန်

ဂါဇာစီးတီး၌ အပျက်အစီးများခဲ့သည့် ရှူဂျိုင်းယာတွင် လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးပြီးဆုံးသွားပြီဟု အစ္စရေးစစ်တပ် ထုတ်ပြန်
အစ္စရေးစစ်ဆင်ရေးလုပ်ခဲ့သည့် ရှူဂျိုင်းယာရပ်ကွက် ပျက်စီးနေပုံကို ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေးစစ်ဆင်ရေးလုပ်ခဲ့သည့် ရှူဂျိုင်းယာရပ်ကွက် ပျက်စီးနေပုံကို ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 11 July 2024

ပြင်းထန်သည့် တိုက်ပွဲများကို သီတင်းနှစ်ပတ်ကြာမြင်ခဲ့ရသည့် ဂါဇာအရှေ့ပိုင်းရပ်ကွက် ရှူဂျိုင်းယာတွင် မိမိတို့၏စစ်ဆင်ရေးပြီးဆုံးသွားပြီဟု ဇူလိုင် ၁၀ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် အစ္စရေးစစ်တပ်သည် ဥမင်လိုဏ်ခေါင်းရှစ်ခုကို ဖျက်ဆီးခဲ့ပြီး ဟားမာ့စ်တိုက်ခိုက်ရေးသမား အများအပြားကို ချေမှုန်းခဲ့ကာတိုက်ခိုက်ရေးခြံဝင်းများနှင့်ပုံဖျက်ထားသော အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးထိပ်တန်းတပ်ဖွဲ့များပါဝင်သော ရှူဂျိုင်းယာစစ်ဆင်ရေးသည် ဇူလိုင် ၈ ရက်တွင် ဂါဇာစီးတီးမြို့လယ်အထိ တိုးချဲ့လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးဖြစ်သည်။

ရှူဂျိုင်းယာရှိ အခြေခံအဆောက်အအုံများနှင့်လူနေရပ်ကွက်တို့ ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆဲလ်က ပြောကြားခဲ့သည်။ ရှူဂျိုင်းယာသည် လူသူမနေတော့သည့် မြို့ပျက်ဖြစ်လာသည်ဟု ဆိုသည်။

“ဂါဇာကမ်းမြောင်မှာဖြစ်နေတာတွေဟာ ဝမ်းနည်းစရာကောင်းနေပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေက အရေးယူဆောင်ရွက်ပေးရမယ်လို့ ကျွန်တော်တို့ကမ္ဘာကို ပြောနေတာ အကြိမ်ရေတစ်သန်းလောက်ရှိနေပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

အဝိုင်းခံထားရသော ပါလက်စတိုင်းနယ်မြေစု ဂါဇာကမ်းမြောင်၏အဓိကမြို့ဖြစ်သော ဂါဇာစီးတီးတွင် ပြင်းထန်သည့်စစ်ဆင်ရေးလုပ်မည်ဖြစ်၍ နယ်ခံအားလုံးထွက်ပြေးကြရန် တိုက်တွန်းထားသည့် စာရွက်ငယ်များ ကို ဇူလိုင် ၁၀ ရက်တွင် အစ္စရေးစစ်တပ်က ဂါဇာစီးတီး၌ ကြဲချခဲ့သည်။

ဂါဇာ၌နေထိုင်သူတိုင်းဟု လိပ်စာတပ်ထားသောစာရွက်ငယ်များတွင် သတ်မှတ်ထားသည့် လွတ်လမ်းများကို ဖော်ပြပေးထားသည် ဆိုသော်လည်း လူ ၃၅၀,၀၀၀ နေထိုင်သည့် နေရာဖြစ်သည်ဟု ကုလသမဂ္ဂလူသား ချင်း စာနာမှုအေဂျင်စီ OCHA က ပြောကြားထားသည့် မြို့ပြဒေသသည် အန္တရာယ်ကြီးမားသော တိုက်ပွဲဇုန်အဖြစ်ရှိနေသည်ဟု သတိပေးထားသည်။

အစ္စရေးတပ်ဖွဲ့များသည် အီဂျစ်နယ်စပ်ရှိ ရာဖာတွင် မေလအစပိုင်း၌ မြေပြင်စစ်ဆင်ရေးကို စတင်ခဲ့သည်။ ရာဖာသည် ဟားမာ့စ်၏နောက်ဆုံးခြေကုပ်နေရာဟု ထိုစဉ်က အစ္စရေးက ပြောကြားခဲ့သည်။ ထို့နောက်ပိုင်း တွင် ဂါဇာကမ်းမြောင် မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် အစ္စရေးစစ်သားများနှင့်ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများ တိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာခဲ့သည်။

ဇူလိုင် ၇ ရက်တွင် ဂါဇာစစ်ပွဲသည် ၁၀ လမြောက်ကို ဝင်ရောက်လာခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးတောင်ပိုင်းကို ဟားမာ့စ်ကဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့် လူ ၁,၁၉၅ ဦးသေဆုံးခဲ့သည်။ ဟားမာ့စ်တို့ကလူ ၂၅၁ ဦးကို ဓားစာခံများအဖြစ် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထဲက ၁၁၆ ဦးသည် ဂါဇာတွင်ရှိနေဆဲဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။ ဓားစာခံ ၄၂ ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကို တိုက်ခိုက်ခဲ့သောကြောင့် ဂါဇာတွင် လူ ၃၈,၂၉၅ ဦးသေဆုံးခဲ့သည်ဟု ဂါဇာတာဝန်ရှိသူများက ပြောကြားသည်။ 

Ref: AFP

Most Read

Most Recent