ASEAN Coordinating Center for Humanitarian Assistance on disaster management (AHA Centre) မှ ဂျိုင်းမြစ်ဝှမ်းရှိ စစ်ဘေးသင့် ဒေသခံပြည်သူများအား လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်း

ASEAN Coordinating Center for Humanitarian Assistance on disaster management (AHA Centre) မှ ဂျိုင်းမြစ်ဝှမ်းရှိ စစ်ဘေးသင့် ဒေသခံပြည်သူများအား လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်း
Published 11 July 2024

ASEAN Coordinating Center for Humanitarian Assistance on disaster management (AHA Centre) မှ ဂျိုင်းမြစ်ဝှမ်းရှိ စစ်ဘေးသင့် ဒေသခံပြည်သူများအား ဇူလိုင်လ (၁၀) ရက်နေ့က လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းမှုအစီအစဉ်အား ဇူလိုင်လ (၁၀) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) မွန်ပရိယတ္တိစာသင်တိုက်တွင် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြကြောင်းနှင့် ထိုအခမ်းအနားတွင် ASEAN နိုင်ငံများမှ သက်ဆိုင်ရာ သံအမတ်များနှင့် သံအရာရှိများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (မွန်ပြည်နယ်) မှတာဝန်ရှိသူများ၊ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံစစ်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ AHA Centre မှ စစ်ဘေးသင့် ဒေသခံပြညသူများအား လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများလာရောက်လှူဒါန်းမှု အစီအစဉ်အား မြန်မာနိုင်ငံကြက်ခြေနီအသင်း (မွန်ပြည်နယ်) နှင့် မွန်စစ်ဘေးရှောင်ကူညီရေးအအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့်လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လောလောဆယ်မှာ ဂျိုင်းမြစ်ဝှမ်းက စစ်ဘေးဒဏ်သင့် မိသားစုပေါင်း (၂၅၀) စာလောက်လှူဖြစ်တယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ စစ်ဘေးသင့်ဒေသတွေအထိဆင်းပြီးတော့ သွားရောက်လှူဒါန်းထောက်ပံ့ပေးသွားဖို့ရှိပါတယ် ဟု ပြောကြားသည်။

AHA Centre မှ လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများမှာ ဆန်အပါအဝင် စားနပ်ရိက္ခာများ၊ စောင်၊ ခြင်ထောင်အစရှိသောပစ္စည်းများ အပါအဝင်တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်ကြောင်း နှင့် နောက်ထပ်လည်း ကျန်ရှိနေသည့် စစ်ဘေးသင့်မိသားစုများအား ထပ်မံလှူဒါန်းပေးသွားမည်ဟု သိရကြောင်း ၎င်းကဆိုသည်။

 ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က KNU/KNLA/NMSP (AD)/PDF ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ကော့ဘိန်းနယ်မြေရဲစခန်း နှင့် အနီးဝန်းကျင်ရှိ ဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် အရပ်သား (၃၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး၊ ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်နေသည့် ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်၊ ဓမ္မသ၊ သံကလောင်၊ ကျွန်းရွာ၊ တရနာ၊ ကော့သိပ်၊ ကော့စွယ် ဒေသခံပြည်သူ (၅၀၀၀၀) ကျော်မှာလည်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။

ထို့အပြင် ၎င်းလက်နက်ကိုင်ပဋိပက္ခအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာရှိ နေအိမ် (၃၀၀) ကျော် မီးလောင်ကျွမ်းပျက်ဆီးခဲ့ရသည့်ပြင်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအနီးရှိ ကျွန်းကုန်ရွာတွင်လည်း (၂) ကြိမ်ထက်မနည်း မီးလောင်ကျွမ်းပျက်ဆီးမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အနောက် ဧပြီလ (၂၅) ရက်နေ့တွင် ယင်းဒေသအား တပ်မတော်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေစိုးမိုးမှုရယူထားကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent