နယ်သာလန်-အင်္ဂလန်ပွဲမတိုင်မီ ဒတ်ချ်ဘောလုံးလူရမ်းကားများ၏ တိုက်ခိုက်မှုကြောင့် အင်္ဂလန်ပရိသတ် (၅) ဦး ဒဏ်ရာရ

နယ်သာလန်-အင်္ဂလန်ပွဲမတိုင်မီ ဒတ်ချ်ဘောလုံးလူရမ်းကားများ၏ တိုက်ခိုက်မှုကြောင့် အင်္ဂလန်ပရိသတ် (၅) ဦး ဒဏ်ရာရ
Photo: Daily Mail
Photo: Daily Mail
Published 11 July 2024

ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် နယ်သာလန်-အင်္ဂလန်ပွဲမတိုင်မီ ဒတ်ချ်ဘောလုံးလူရမ်းကားများ၏ တိုက်ခိုက်မှုကြောင့် အင်္ဂလန်အသင်းအားပေးသူ ပရိသတ်(၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ (၁၀) ရက်(ဗုဒ္ဓဟူးနေ့)က ကစားခဲ့သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် နယ်သာလန်-အင်္ဂလန်ပွဲ မစတင်မီ ကွင်းအတွင်း မဝင်ရောက်မီကပင် အင်္ဂလန်ပရိသတ်များသည် စားသောက်ဆိုင်နှင့် ဘားများတွင် နယ်သာလန်အသင်းကို အားပေးကြသည့် ဒတ်ချ်ဘောလုံးလူရမ်းကားအချို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ့မွန်အသင်း၏ အိမ်ကွင်းဖြစ်သည့် Westfalenstadion တွင် ကစားခဲ့သည့် နယ်သာလန်-အင်္ဂလန်ပွဲတွင် နယ်သာလန်အသင်းကို အားပေးသည့့် ပရိသတ်အရေအတွက်က အင်္ဂလန်အသင်းကို အားပေးသည့်အရေအတွက်ထက် အဆမတန်များပြားခဲ့ကြောင်း သိရှိရသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် နယ်သာလန်အသင်းကိုအားပေးရန်အတွက် အိမ်ရှင် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည့် နယ်သာလန်ပရိသတ်အင်အားမှာ (၈၀၀၀၀) ကျော်ပြီး ဆီမီးဖိုင်နယ်ကစားခဲ့သည့် ကွင်းအနီးသို့ အားလုံးနီးပါး ရောက်ရှိလာကြကြောင်း သိရှိရသည်။

ထို့ကြောင့် ဗြိတိန်ရဲများသည် နယ်သာလန်-အင်္ဂလန်ပွဲကို သွားရောက်ကြည့်ရှုသည့် အင်္ဂလန်အသင်းပရိသတ်များကို ဂျာမန်ရဲများစွာ ရှိုသည့်နေရာတွင် စုရုံးကြရန် တိုက်တွန်းခဲ့သည်။

သို့သော်  နယ်သာလန်-အင်္ဂလန်ပွဲမစတင်မီ ကွင်းအနီးရှိ ဘားနှင့် စားသောက်ဆိုင်တစ်ခုတွင် ဒတ်ချ်ဘောလုံးလူရမ်ကားများက အင်္ဂလန်ပရိသတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဘားဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ နယ်သာလန်ပရိသတ်များသည် အင်္ဂလန်ပရိသတ်များထံမှ အလံခိုးရန် ကြိုးစားရာမှ စတင်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း  Daily Mail က ဖော်ပြခဲ့သည်။

ဘားဝန်ထမ်းက ''နှစ်ဖက်စလုံးက သွေးဆူနေကြတာပါ။ ဒတ်ချ်တွေက အင်္ဂလိပ်တွေကို မင်းတို့ ဒီနေ့အိမ်ပြန်ရမယ်။ မင်းတို့ ဒီညရှုံးမှာလို့ ပြောခဲ့ကြတယ်။ ပြီးတော့ ဒတ်ချ်တစ်ယောက်က အင်္ဂလန်အလံကို ခိုးဖို့လုပ်ရာကနေ စကားများကြတော့တာပါပဲ။ အဲဒီမှာ ဒတ်ချ်တွေက စားပွဲတွေ၊ ခုံတွေ၊ ပုလင်းတွေအပါအဝင် တွေ့တဲ့ပစ္စည်းနဲ့ အင်္ဂလိပ်တွေကို ပစ်ပေါက်တော့တာပါပဲ။ အင်္ဂလိပ်တွေကလည်းပြန်ပစ်ပေါက်ကြတာပေါ့။ နောက်တော့ ရဲတွေ ရောက်လာပြီး လူတွေအများကြီး ဖမ်းသွားပေမဲ့ ကြီးကြီးမားမား ဒဏ်ရာရတဲ့လူတော့ မရှိပါဘူး။ TV တွေကွဲပြီး ဘားကတော့ ရစရာမရှိအောင် ဖြစ်ကျန်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ဗြိတိန်ဘောလုံးရဲတပ်ဖွဲ့က ဒတ်ချ်ပရိသတ်များသည် အင်္ဂလန်အလံကို ခိုးရန်ကြိုးပမ်းခဲ့ပြီး အင်္ဂလိပ်ပရိသတ်များကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ အင်္ဂလိပ်ပရိသတ် (၅)ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

Most Read

Most Recent