ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မြင့်မြတ် နှင့် ခင်လှိုင် အနုပညာရှင်များဖြစ်သည့် မာမီသက်၊ မိုးညို၊ အုန်းဒိုင်း တို့ အပါအဝင် အနုပညာရှင်များအား ထူးချွန်ဆုများ ချီးမြှင့်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မြင့်မြတ် နှင့် ခင်လှိုင် အနုပညာရှင်များဖြစ်သည့် မာမီသက်၊ မိုးညို၊ အုန်းဒိုင်း တို့ အပါအဝင် အနုပညာရှင်များအား ထူးချွန်ဆုများ ချီးမြှင့်
Published 8 July 2024

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ခင်လှိုင်နှင့် မြင့်မြတ်၊ အနုပညာရှင်များဖြစ်သည့် မာမီသက်၊ မိုးညို၊ အုန်းဒိုင်း တို့ အပါအဝင် အနုပညာရှင်များအား ထူးချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)က ကျင်းပသည့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့(ဇူလိုင် ၇ ရက်)တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံ သက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို)မှ နာယယ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားကျင်းပမှုနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် အသက်အရွယ်ကြီးမြင့်သည့် ဟာသပညာရှင်ကြီးများသည်လည်း အသက်အရွယ်ကြီးမြင့်သည့်တိုင် အနားယူမှုမရှိဘဲ မိမိတို့ဝါသနာပါသည့် ပြည်သူ့အကျိုးပြု အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်နေသကဲ့သို့ လူမှုရေးနယ်ပယ်များတွင်လည်း ပရဟိတလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေသည့် ဟာသပညာရှင်ကြီးများကို နိုင်ငံတော်အနေဖြင့်လည်း စွမ်းဆောင်မှုဆိုင်ရာချီးမြှင့်သည် ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဟာသပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် "ဟာသပညာ ထူးချွန်ဆု"၊ "ဟာသပညာပံ့ပိုးမှု ထူးချွန်ဆု"၊ "ဟာသပညာဖန်တီးမှု ထူးချွန်ဆု" နှင့် "ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်းလွှာ"များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဟာသပညာ ထူးချွန်ဆု" ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များဖြစ်သည့် ခင်လှိုင်နှင့် မြင့်မြတ်၊ "ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်းလွှာ" ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော် တို့ကို ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အမှတ်တရပစ္စည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က  "ဟာသပညာ ထူးချွန်ဆု" ရရှိခဲ့ကြသည့် အနုပညာရှင် မာမီသက်၊ မိုးညို၊ "ဟာသပညာပံ့ပိုးမှု ထူးချွန်ဆု" ရရှိသည့် အနုပညာရှင် အုန်းဒိုင်း တို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက "ဟာသပညာဖန်တီးမှု ထူးချွန်ဆု" ရရှိခဲ့ကြသည့် အနုပညာရှင် ဦးချစ်ချော၊ ဦးပေါ်ဦး၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)နှင့် ဒါရိုက်တာ မောင်သီ တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများကိုယ်စား ကိုဇော်(အာရုဏ်ဦး)က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အစည်းအရုံး၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် "လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆု"ရရှိခဲ့ကြသည့် ဟာသအနုပညာရှင် ဦးဒေါင်းရှိန်၊ ဦးချစ်စံ၊ ဦးထက်လင်း၊ ဦးမင်းထိုက်၊ ဦးပေါ်ပေါ်၊ ဦးစန်းဝင်းမောင်၊ ဦးအောင်ချစ်၊ ဦးလန်ဒန်၊ ဦးသော်သော်နှင့် အငြိမ့်မင်းသမီး ဒေါ်ဝါဝါခိုင် တို့ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးဟာသ အနုပညာရှင်များ ကိုယ်စား သက်ကြီးဟာသအနုပညာရှင် ဦးပေါ်လေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သက်ကြီးဟာသပညာရှင်များအား ကန်တော့ခံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဒုတိယအကြိမ်မြောက် ညီလာခံကို ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနုပညာရှင်များလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent