■ FA ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 

■ FA ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 24 May 2024

မန်စီးတီး - မန်ယူ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၈:၃၀ နာရီ)



ဘရိုက်တန်အသင်းရဲ့ကွင်းမှာ ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ခြင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကို အပေါင်း လက္ခဏာနဲ့ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ ဆိုရမယ်။ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းက နယူးကာဆယ်နဲ့ပွဲမှာ နိုင်ပွဲယူနိုင်ခဲ့သလို၊ ဘရိုက်တန်အသင်းကိုလည်း နိုင်ပွဲယူနိုင်ခဲ့တယ်။ ဒီရာသီမှာ ပြသတဲ့ အချက်အလက်တွေကတော့ မန်ယူနိုက်တက်အသင်းအတွက် ဆိုးရွားတဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ အဲရစ်တန်ဟက်ဂ်က သူ့အသင်းကို အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ပရီးမီယားလိဂ်ဆိုပြီး စတင်ခဲ့တဲ့ ၁၉၉၂ ကတည်းက စတွက်ရင် ဒုတိယအမှတ် အနည်းဆုံးရာသီဖြစ်ခဲ့တယ်။ အဆင့်ရပ်တည်မှု အညံ့ဖျင်းဆုံး အခြေအနေဖြစ်ခဲ့တယ်။

    

မန်ချက်စတာစီးတီးအသင်းက မန်ယူနိုက်တက်အသင်းနဲ့ အစစအရာရာ ပြောင်းပြန်ဖြစ်နေပြီး အကောင်းဆုံးပုံစံကို ပြသနေတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် ဒါက ဖလား ၃ လုံးလမ်းကြောင်းထဲက နောက်ထပ် ဖလားတစ်လုံးဖြစ်ပြီး၊ ပထမဆုံးဖလားကိုတော့ ပြီးခဲ့တဲ့ ရက်ပို်င်းကပဲ အမှတ်ပေးချန်ပီယံဆုအဖြစ် ယူနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် ပြည်တွင်း Double ကို ယူနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်း ပြကြီး ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်သုံးကြိမ်ဆက်ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ကျော်ဖြတ်ရိုက်ချိုးခဲ့တဲ့ ဂွါဒီယိုလာအတွက် ဒီရာသီ မန်ယူနိုက်တက်အသင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဆုဖလားကိုလည်း ထပ်မံရယူပြီး မြို့ခံပြိုင်ဘက်အသင်းရဲ့ တစ်ခုတည်းသော ဥရောပပြိုင်ပွဲမျှော်လင့်ချက်ကိုပါ အလဲထိုးနိုင်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားချိန်လည်းဖြစ်တယ်။ 

    

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီပွဲကို ချဉ်းကပ်သင့်တဲ့ပုံစံကို စဉ်းစားကြည့်ရင် Solid Defence နဲ့ Counter ကို ပဲ အားပြုကစားရမယ့် အခြေအနေဖြစ်နေတယ်။ ခံစစ်ကနေ တိုက်စစ်ကို အသွင်ကူးပြောင်းတဲ့အခြေအနေတွေမှာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကစားနိုင်ဖို့လိုတယ်။ မန်စီးတီးနောက်ခံလူတွေရဲ့ နောက်ကျောတွေကို ဘောလုံးတွေ အဆက်မပြတ်ချပေးပြီး  Behind Runs တွေ များများလုပ်နိုင်ဖို့လည်း လိုတယ်။ ဒီအတွက် ဘရူနိုဖာနန်ဒက်စ်က အရေးပါတဲ့ အနေအထားမှာ ရှိနေတယ်။ မန်ချက်စတာစီးတီးအသင်းကတော့ ခံစစ်ပိုင်းတည်ငြိမ်မှုကိုပဲ အဓိကထားပြီး First Ball တွေနဲ့ ကွင်းတစ်ခြမ်းကို စိုးမိုးဖို့ ကြိုးစားရမယ်။ ပြီးတော့ မန်ယူနိုက်တက်အသင်းဆီက လာမယ့် အဓိကအန္တရာယ်ဖြစ်တဲ့ တန်ပြန်တိုက်စစ်ကို သတိကြီးကြီးထားပြီး ထိန်းကစားမယ်။ Final Third Zone ထဲကို ကစားသမားအရေအတွက် များများသုံးပြီး နေရာလွတ်တွေကို စိမ့်ဝင်ရင်း ဂိုးပေါက်ရှာဖွေဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆရတယ်။

    

ဗိုလ်လုပွဲ ဖြစ်သလို၊ မန်ချက်စတာဒါဘီလည်းဖြစ်နေတဲ့ အချက်က အသင်းနှစ်သင်းစလုံးအတွက် ပွဲကျပ်တစ်ပွဲဆီကိုတော့သွားတယ်။ ခြေစွမ်းပိုင်းအရ မန်စီးတီးအသင်းက အပြတ်အသတ်သာပေမယ့် မန်ယူနိုက်တက်အသင်းကို ပွဲမစခင်ကတည်းက ခံစစ်ဇုန်ကို အာရုံစိုက်ကစားဖို့ နည်းဗျူဟာချမှတ်ထားပေးပြီးသားလည်းဖြစ်တယ်။ ယူနိုက်တက်က ဒီလိုအခြေအနေတွေမှာ အားကောင်းတဲ့ တန်ပြန်တိုက်စစ်တွေကို ထုတ်ပြနိုင်လေ့လည်း ရှိတယ်။ ဒါပေမဲ့ မန်စီးတီးသာ စောစောစီးစီး ဂိုးရသွားရင် ယူနိုက်တက်ရဲ့ Game Plan ပျက်မယ်။ ချေပဂိုးရဖို့ ကြိုးစား ရင်း ဂိုးတွေထပ်ပေးသွားရနိုင်တယ်။ တန်ဟက်ဂ်ရဲ့ အဓိကပြဿနာဖြစ်တဲ့ ဒဏ်ရာအခြေအနေတွေကလည်း ထိုးနှက်နေဆဲ ဖြစ်လို့ မန်စီးတီးပဲ ဖလားသိမ်းသွားမယ်လို့ ထင်တယ်။ 

Most Read

Most Recent