(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို မတ် ၂၇ ရက် ညနေပိုင်းတွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်နေ့အခမ်းအနားများကို အစဉ်အလာအားဖြင့် နံနက်အစောပိုင်းမှ စတင်ကျင်းပခြင်းဖြစ်သော်လည်း ယခုနှစ်တွင် ညနေပိုင်းသို့ ပြောင်းလဲကျင်းပခြင်းဖြစ်သည်။
တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်သတင်းရယူမည့် သတင်းထောက်များကိုလည်း မတ် ၂၇ ရက် မွန်းလွဲပိုင်းသတ်မှတ်ထားသည့် အချိန်အတွင်း အရောက်လာရောက်ခိုင်းထားသည်။
ထိုသို့ တပ်မတော်နေ့အခမ်းအနားအား ညနေပိုင်းပြောင်းလဲကျင်းပခြင်းဖြစ်သည် ပထမအကြိမ်မဟုတ်ဘဲ ရှေးယခင်ညပိုင်းတွင် မီးတုတ်များနှင့်ချီတက်သည့် အခမ်းအနားရှိခဲ့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောကြားသည်။
“ပထမဆုံး မဟုတ်ဘူး။ ဟိုးတုန်းကလေ။ ဟိုးတုန်းက ညမှာလုပ်တာ။ မီးတုတ်တွေနဲ့ ချီတက်ကြတာပေါ့” ဟု အထက်ပါ တပ်မတော်အရာရှိဟောင်းက ပြောကြားသည်။
ယခုကဲ့သို့ အခမ်းအနားသို့ ညနေပိုင်းသို့ ပြောင်းလဲကျင်းသည့် လုံခြုံရေးအခြေအနေအရ ဖြစ်နိုင်သည်ဟုလည်း ၎င်းက သုံးသပ်ပြောကြားသည်။
“ကျွန်တော်ထင်တာတော့ ဖြစ်နိုင်တာကတော့ လုံခြုံရေးအခြေအနေကြောင့် ဖြစ်နိုင်တာပေါ့။ မနက်အစောကြီး ဆိုလို့ရှိရင် တပ်တွေက မနက်ဘက်ဆိုရင် လေးနာရီလောက် ထပြီးတော့ ငါးနာရီလောက်ဆိုရင်ပဲ မှောင်ရီရီပေါ့ဗျာ။ အန္တရာယ်တော့ နည်းနည်းရှိတာပေါ့” ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြ လေ့ကျင့်မှုများ ဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။