ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးသည့် အချက်အလက်များကို နှစ်ဦးနှစ်ဖက် ထုတ်ဖော်မပြောရန် သဘောတူထားပြီး နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးသည့် အချက်အလက်များကို နှစ်ဦးနှစ်ဖက် ထုတ်ဖော်မပြောရန် သဘောတူထားပြီး နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 March 2024

ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေးနွေးသည့် အချက်အလက်များကို နှစ်ဦးနှစ်ဖက် ထုတ်ဖော်မပြောရန် သဘောတူထားပြီး နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုများသည် နှစ်နိုင်ငံ အစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများ၊ အဖွဲ့အစည်းများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မီဒီယာများ၊ အဖွဲ့အစည်းများ မေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးပွဲရဲ့ အကြောင်းအရာတွေ၊ သဘောတူညီမှုများနဲ့ပတ်သက်ပြီး တိကျခိုင်မာမှုမရှိဘဲနဲ့ ဒါလိုရာဆွဲပြီး ပြောဆိုနေတာတွေ၊ ဖြစ်ချင်တာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော်အနေနဲ့ ပထမဦးဆုံး အသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့ အချက်အလက်များကို နှစ်ဦးနှစ်ဖက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲ အမျိုးအစားများဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် သဘောတူညီချက်များကို ပြောကြားမည်မဟုတ်ဘဲ ဖြစ်ပေါ်နေသည့် ကောလဟာလအပေါ်၌ ပြည်သူများနှင့် မီဒီယာများ သိသင့်သိထိုက်သော ကိစ္စရပ်များကိုသာ အသိပေးပြောကြားလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အဲ့တာတွေကတော့ နံပတ်တစ်အချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုက်နက်နယ်နိမိတ်၊ အချုပ်အခြာအာဏာ (Sovereignty) သည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပတ်နှစ်အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ပဋိပက္ခလျော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။ နံပတ်(၃)အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ်ပါတယ်။ နံပတ်(၄)အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထား ကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပတ်(၅)အနေနဲ့ကတော့ နယ်စပ်ဒေတည်ငြိမ်ရေး၊ လုံခြုံရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုတွေ၊ ဆိုက်ဘာမှုခင်းကိစ္စတွေကို နှစ်နိုင်ငံ အစိုးရနှစ်ရပ် ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နှင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမဟုတ်ကြောင်းနှင့့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent