မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆီးရီးယားလက်ရွေးစင်အသင်းနှင့်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖြစ်ဖွယ်မရှိ

မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆီးရီးယားလက်ရွေးစင်အသင်းနှင့်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖြစ်ဖွယ်မရှိ
Photo: MFF
Photo: MFF
Published 4 March 2024

မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆီးရီးယားလက်ရွေးစင်အသင်းနှင့်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖြစ်ဖွယ်မရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လအတွင်း၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများအဖြစ် လာမည့်မတ်လ၂၁ ရက်တွင် ဆီးရီးယားလက်ရွေးစင်အသင်းနှင့်  အိမ်ကွင်း၊ မတ်၂၆ ရက်တွင် အဝေးကွင်း နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းအုပ်စုပွဲနှစ်ပွဲအတွက် လာမည့် မတ်လ ၁၁ ရက်တွင် လေ့ကျင့်မှုများစတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့ မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။

MFF ၏ လတ်တလောထုတ်ပြန်မှုတွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်းပွဲကို ကွင်းနှင့် အချိန်တို့ကိုသာ ဖော်ပြထားသေးပြီး ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ပြု၊ မပြုကိုမူ မထုတ်ပြန်သေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့မှာ သမိုင်းတစ်လျှောက် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများ၏ ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာအတွင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် မြောက်ကိုရီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုစဉ်က ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန် ကျပ် ၅၀၀၀၊ ရိုးရိုးတန်း ကျပ် ၂၀၀၀ သတ်မှတ်ရောင်းချခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု(B) ၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအုပ်စုတွင်း နှစ်ပွဲကစားအပြီး နှစ်ပွဲစလုံးရှုံးနိမ့်ထားပြီး အမှတ်မရရှိသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုတွင်း၌ ဂျပန်အသင်းကို အဝေးကွင်း၌ (၀-၅) ဂိုး၊ မြောက်ကိုရီးယားအသင်းကို အိမ်ကွင်း၌ (၁-၆) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ကစားခဲ့သည့် လေ့ကျင့်ရေးခြေစမ်းပွဲများတွင် သစ္စာအားမာန်အသင်းကို (၄-၂) ဂိုး၊ မြဝတီအသင်းကို(၄-၂) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး အားကာသိပ္ပံအသင်းနှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည်  မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆီးရီးယားလက်ရွေးစင်အသင်းနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက အုပ်စုတွင်း ၃ ပွဲစလုံးရှုံးနိမ့်မည်ဖြစ်၍ နောက်တစ်ဆင့်အတွက် ခက်ခဲသွားမည်ဖြစ်သည်။