ကြည့်မြင်တိုင်မြို့နယ်တွင် ထောင်ထွက်လူမိုက်ဟုဆိုသည့် ကျော်ဝင်းစိန် ဓားဖြင့် အခုတ်ခံရပြီး သေဆုံး

ကြည့်မြင်တိုင်မြို့နယ်တွင် ထောင်ထွက်လူမိုက်ဟုဆိုသည့် ကျော်ဝင်းစိန် ဓားဖြင့် အခုတ်ခံရပြီး သေဆုံး
Published 9 December 2023

ကြည့်မြင်တိုင်မြို့နယ်တွင် ထောင်ထွက်လူမိုက်ဟု ဆိုသည့် ကျော်ဝင်းစိန် ဓားဖြင့်အခုတ်ခံရပြီး သေဆုံးခဲ့သည်ဟု အဆိုပါမြို့နယ်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူများက ပြောကြားသည်။

" ကြည့်မြင်တိုင် ကျောင်းကြီးလမ်း က ကွမ်းယာဆိုင်နားမှာဖြစ်တာ။ နှစ်ဘက်အုပ်စုဖွဲ့ပြီး ဓားနဲ့ခုတ်ကြတာလို့ သိရတယ်။ အင်းစိန်လူမိုက် ကျော်ဝင်းစိန်က အခုတ်ခံရပြီး သေသွားတယ်။ နှစ်ဘက် ထိခိုက်ဒဏ်ရာ ရတာလည်း ရှှိတယ်လို့ သိရတယ်" ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ထောင်ထွက်လူမိုက်ဟုဆိုသည့် ကျော်ဝင်းစိန်မှာ ငွေကြေးအရှုပ်အရှင်း ကိစ္စများ ကြောင့် ဓားဖြင့်အခုတ်ခံရခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျော်ဝင်းစိန်မှာ အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်ခန့်က ပြန်ပေးဆွဲမှု၊ လုယက်မှု အစရှိသည့် အမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု၊ ဓားကိုင်ဆောင်မှု အစရှိသည်တို့ဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခင်အမှုများ အပါအဝင် ထောင်ဒဏ် ထပ်မံ ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Most Read

Most Recent