■ကျောက်တော်မြို့တွင် မြန်မာရေကြောင်းပိုင် ရေယာဉ်နှစ်စင်း အား AA အဖွဲ့က ယူဆောင်သွားဟုဆို
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့လေဆိပ်လေယာဉ်ကွင်းတွင် ဒရုန်းဖြင့် Drop Bomb ချ တိုက်ခိုက်ခံရကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်က တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''စစ်ကိုင်းတိုင်းဘက်မှာတော့ ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်မှာ ဒရုန်းနဲ့ Drop Bomb ချပြီးတော့ တိုက်ခိုက်ခဲ့တာ ရှိပါတယ်''ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်တွင် မြန်မာရေကြောင်းပိုင် ရေနယား(၁)နှင့် ရေဘဝဲ (၄) ရေယာဉ် နှစ်စင်း အား AA အဖွဲ့က ယူဆောင်သွားကြောင်း သိရသည်။
“ပြည်သူလူထု အသုံးပြုနေတဲ့ ရေယာဉ်တွေ ဖြစ်ပါတယ်။ AA အနေနဲ့ ဒီ ပြည်သူလူထု အသုံးပြုနေတဲ့ ရေယာဉ်တွေကို ယူဆောင်သွားကြောင်း သိရှိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အထက်ပါကိစ္စများနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများအနေဖြင့် ယင်းလက်နက်ကိုင်အဖွဲ့များသည် စစ်ဘက်နှင့်သက်ဆိုင်သည့် နေရာများအား တိုက်ခိုက်ခြင်းထက် ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများ၊ ပြည်သူပိုင်နေရာများအား အဓိကထားတိုက်ခိုက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ပေါက်တောမြို့တွင် နိုဝင်ဘာ ၂၁ ရက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ရာတွင် ပစ်ခတ်ခံရခြင်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















