ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ တစ်စုံတစ်ခု ထိခိုက်နစ်နာခဲ့ပါက ဖမ်းဆီးထားသော အဖွဲ့သည်ကြီးလေးသည့် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်က လွိုင်ကော်တက္ကသိုလ် ဆရာ၊ ဆရာမများအား လက်နက်အဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်း ထားသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဆရာ၊ ဆရာမတွေ၊ ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ထိခိုက်နစ်နာမှု ရှိခဲ့ရင် ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့ အဖွဲ့သည် တာဝန်ယူ၊ တာဝန်ခံရမယ်၊ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာကို ပြောချင်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ KNPP အဖွဲ့သည် ဗီဒီယိုဖိုင်များ၊ ကြေညာချက်များ ထုတ်၍ ၎င်းတို့ထံတွင် ကောင်းစွာရှိနေကြောင်း ပြောကြားမှုများကို တွေ့ရကြောင်းနှင့် ဖြစ်စဉ်အမှန်သည် လွိုင်ကော်တက္ကသိုလ်အတွင်း ဝင်ရောက်၍ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးကကန့်ကွက်ခဲ့ကြောင်း၊ ယင်းသို့သော ကန့်ကွက်မှုများကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည့်အဖွဲ့များအနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုကို ဖုံးကွယ်၍ ကောင်းစွာထိန်းသိမ်း ထားသည့် ပုံစံမျိုးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ ဒီလိုပြင်းထန်စွာ ရှုတ်ချကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် ဒီဖိအားတွေ၊ ဒီလိုမျိုး တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခဲ့တဲ့၊ ရှုတ်ချခဲ့တဲ့အဖွဲ့တွေကြောင့် သူတို့အနေနဲ့ ဒီအချိန်မှာ ဖမ်းဆီခေါ်ဆောင်သွားတာကို ဖုံးကွယ်တဲ့အနေနဲ့ ဒါကောင်းစွာထိန်းသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင် တွေမှာလည်း ပြောနေတဲ့၊ ပြောခိုင်းတဲ့ စကားတွေ ပြောနေရတာ ဆိုတာလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာအနေအထားတွေ ကြည့်ရင်လည်း တွေ့နိုင်မှာဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။
လွိုင်ကော်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်က ၎င်းအနေဖြင့် အသတ်ခံရခြင်း မရှိကြောင်း၊ ဆရာ၊ ဆရာများနှင့်အတူ ကောင်းမွန်စွာ ရှိနေကြောင်း ပြောကြားထာသည့် ဗီဒီဖိုင်သည် လူမှုကွန်ရက်စာမျက်နှာများတွင် နိုဝင်ဘာ ၂၁ ရက်တွင် ပျံ့နှံ့လာခဲ့ကြောင်း သိရသည်။















