အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားရမည်ဟု မိမိယုံကြည်နေပြီး အသင်းဖော်များကို ယင်းကဲ့သို့ယုံကြည်ထားကြရန် ဂျေးဇူး တိုက်တွန်း

အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားရမည်ဟု မိမိယုံကြည်နေပြီး အသင်းဖော်များကို ယင်းကဲ့သို့ယုံကြည်ထားကြရန် ဂျေးဇူး တိုက်တွန်း
Photo : Getty Images
Photo : Getty Images
Published 26 October 2023

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက မိမိအနေဖြင့် အာဆင်နယ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားရမည်ဟု ယုံကြည်နေပြီး အသင်းဖော်များကိုလည်း ယင်းကဲ့သို့ ယုံကြည်ထားကြရန် တိုက်တွန်းခဲ့သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်းမရှိသေးဘဲ ၂၀၀၅- ၀၆ ရာသီတွင် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ခြင်းမှာ အမြင့်ဆုံး စွမ်းဆောင်မှုဖြစ်သည်။

အာဆင်နယ်အသင်းသည် နောက်ပိုင်းနှစ်များတွင် ကျဆင်းသွားခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် (၆)ရာသီကြာ ဝေးကွာနေခဲ့ရပြီး ယခုရာသီတွင်မှ ပြန်လည်ကစားခွင့်ရခြင်းဖြစ်သည်။ သို့သော် အာဆင်နယ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်အုပ်စု (B) တွင် ပွဲစဉ် (၃) ပွဲ ကစားပြီးချိန်၌ (၂) ပွဲနိုင်၊ (၁) ပွဲရှုံး၊ ရမှတ် (၆)မှတ် ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးမှာမူ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် (၄၁)ပွဲတွင် (၃၁)ဂိုးသွင်းယူထားပြီး မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် ဂျေးဇူးသည် ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအသင်းအတွက် ကစားခဲ့သူလည်းဖြစ်သည်။ ဂျေးဇူးက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မိမိကြိုက်နှစ်သက်သည့်ပြိုင်ပွဲဖြစ်ပြီး အာဆင်နယ် အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျေးဇူးက "ချန်ပီယံလိဂ်က ကျွန်တော် နှစ်သက်တဲ့ ပြိုင်ပွဲပါ။ ပြိုင်ပွဲတိုင်းကို ကျွန်တော် နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးကို ကျွန်တော် ချစ်လို့ပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကို ကျွန်တော် မရဖူးပါဘူး။ ဒါကြောင့် ကျွန်တော် ချန်ပီယံလိဂ်ဖလားကို လိုချင်ပါတယ်။ ချန်ပီယံလိဂ်ဖလားကိုရဖို့ မလွယ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားရမယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမယုံကြည်ဘူးဆိုရင် ဒီမှာရှိနေမှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent