နှလုံးသားကို အလှဆင်

နှလုံးသားကို အလှဆင်
Published 20 October 2016
ရွှေဒါးမောင်လေးရည်

စင်စစ်အားဖြင့် လူသားတစ်ယောက် စတင်ဖွားမြောက်စဉ်က ၎င်းင်း၏နှလုံးသား အရောင်အသွေးမှာ အစွန်းအထင်းများ ကင်းစင်လျက် ပကတိအဖြူရောင ်သက်သက်မျှသာ ဖြစ်ပါသည်။ အပြစ်ဟူ မြူမျှပင်မတင်သဖြင့်လည်း နှစ်သက်ဖွယ်ချည်းပင်။ တစ်စတစ်စ အရွယ်ကလေးရလာပြီးခါမှ ဝန်းကျင်၏ အရောင်ဆိုးမှု၊ ပညာပေးမှုအပေါင်းဖြင့် နှလုံးသားများ၏ အရောင်အသွေးများ ပြောင်းလဲလာရသည်မှာ သဘာဝပင်။ ကျောက်ဆောင် ကျောက်သားများပင် တိုးတိုက်ပါများလာလျှင် လဲပြိုတတ်သော သဘောရှိသည်မို့ ပတ်ဝန်းကျင်ကောင်းနှင့် သာညွတ်ပျောင်းပျော်ဝင် နိုင်ကြဖို့လိုအပ်လှပါသည်။ ‘တံငါနားနီးတံငါ’ ဆိုသလို အပေါင်းအဖော် အသိုက်အဝန်းဆိုးများ၏ ညှို့ငင်မှုကွန်ရက်အတွင်း ငြိတွယ် သက်ဆင်းမသွားစေရေး သတိပြုဖို့လိုပေသည်။ သတိဆိုသည်မှာ ပိုသည်ဟူ၍မရှိပါ။ ရေများလျှင် ရေကအနိုင်ရတတ်ပြီး မီးကအင်အားကြီးမားနေလျှင်လည်း မီးကအနိုင်ယူဝါး မျိုသွားတတ်ပါသည်။ ဆိုတော့ကာ လောကတစ်လွှား အဆိုးတရားများက လွှမ်းမိုးမသွား ဖို့ လူသားအားလုံးတွင် တာဝန်ရှိပါသည်။ ခက်နေသည်မှာလည်း စိတ်ဆိုသည့် စိတ်စေစားမှုက မကောင်းသောအာရုံများ၌ မွေ့လျော်မသွားဖို့၊ ကောင်းမွန်သင့်လျော်ရာများ ဖြင့်သာ အာရုံဝင်စား ထိန်းကျောင်းပေးကြရပေမည်။ လူသားအပေါင်းတို့၏ နှလုံးသားများ လှပမွှေးမြနေမှသာ လူ့လောကဝန်းကျင်တစ်လွှား၌ လွှမ်းမိုးအနိုင်ယူလျက်ရှိကြသည့် အရုပ်ဆိုး အကျည်းတန်မှုများ ဆွံ့ရှားပါးလာကာ အလှတရားတို့ဖြင့် အောင်ပန်းဆင်နိုင်ပေမည်။ ဒီတော့ ကျွန်တော်တို့ နှလုံးသားတွေ လှပနေဖို့လိုအပ်တယ်ဆိုတာ အဖြေတစ်ခုပဲပေါ့။
နှလုံးသားများ မွှေးမြလှပနေဖို့အရေး၌ ဝန်းကျင်ကောင်းတစ်ခု လိုအပ်သည်မှာ အထူးပြောနေဖို့ လိုမည်မထင်ပါ။ အများသူငါကြားဖူးပြီး နားယဉ်ခဲ့ပြီးဖြစ်သည့် ကျေးသားညီနောင်ပုံဝတ္ထုက အထင်အရှားရှိခဲ့ပြီးမို့ပါ။ တစ်ခါတုန်းဆီက မုန်တိုင်းတိုက်ခတ်စဉ် ကျေးသားညီနောင်တို့ တစ်နေရာစီ လွင့်စဉ်သွားခဲ့ကြပြီး တစ်ကောင်သော ကျေးသားက ခိုးသားဓားပြတို့၏ အဝန်းအဝိုင်းသို့ ကျရောက်ခဲ့ရပြီး ကျန်သောကျေးသားမှာ ရသေ့ရဟန်းတို့၏ ကျောင်းသင်ခမ်းအနီးသို့ ရောက်သွားခဲ့ပေသည်။ ခိုးသားတို့ထံရောက်ခဲ့သည့် ကျေးသားမှာ ခိုးသားဓားပြတို့၏ အကျင့်စရိုက်များ ကူးစက်ခဲ့ရပေသည်။ ရသေ့တို့ကျောင်းသင် ခမ်းရောက်ခဲ့သူ ကျေးသားမှာတော့ ရသေ့တို့၏ စရိုက်လက္ခဏာများဖြင့် သိမ်မွေ့ညင်သာခဲ့ရပေသည်။ တစ်ခါသား၌ တောကစားထွက်လာသူ ဘုရင်တစ်ပါး မျက်စိလည်လမ်းမှားပြီး ခိုးသားတို့နေထိုင်ရာ အနီးသို့ရောက်ခဲ့စဉ် ကျေးသားတစ်ကောင်၏ နှုတ်ထွက်စကားသံများက “ရိုက်နှက်ပါတော့လား၊ ပစ္စည်းတွေလုယက် ယူငင်ပါတော့လား” စသဖြင့် ခိုးသားတို့၏ စရိုက်လက္ခဏာတို့ဖြင့် ဆက်ဆံခြင်း ခံခဲ့ရပေသည်။ ဘုရင်လည်းထို ဝန်းကျင်မှရှောင်ရှားနိုင်ခဲ့ကာ ရသေ့တို့၏ ကျောင်းသင်ခမ်းအနီးသို့ ရောက်ခဲ့ရပေသည်။ ထိုစဉ်ခိုက် ကျေးသားငယ်တစ်ကောင်၏ ခရီးဦးကြိုပြု ဆက်ဆံပုံများမှာ “ ရေအေးအေးလေး သုံးဆောင်ပါလော့၊ ချိုမြိန်သောသီးနှံတို့ကို စားသုံးပါလော့၊ စိတ်လက်ချမ်းမြနား နေပါဦးလော့” စသဖြင့် ယဉ်ကျေးပျူငှာပုံတို့ကို တွေ့ခဲ့ရပေရာ ထိုကျေးငယ်နှစ်ကောင်တို့မှာ ညီနောင်ရင်းချာများဖြစ်ကြပါလျက် ကျင်လည်ရာပတ်ဝန်းကျင်၏ ပုံသွင်းဆေး ခြယ်မှုကြောင့် စရိုက်သွင်ပြင်များအရှေ့နှင့် အနောက်ပမာ ဖီလာခြားသွားခဲ့ရပုံမှာ သာဓကတစ်ခုပင်။ ဝန်းကျင်၏ ပံ့ပိုးမှုဖြင့် နှလုံးသား အရောင်ကွဲပြားသွားခဲ့ရပုံကို လှစ်ဟပြလိုက်သည့် ဖြစ်စဉ်ပါပေ။
လူမှုဝန်းကျင ်အခင်းအကျင်းများဘက် နားစွင့်ကြည့်ပြန်တော့ အော့နှလုံးနောက်ကျု ဖွယ်ဖြစ်ရပ်များ မြင်ကွင်းများနှင့် နှာခေါင်းပိတ် ထားရလောက်အောင်ပင် ဆိုးဆိုးရွားရွား နိုင်လှသည်။ ချစ်ကြသူချင်းမို့ ကယုကယင် ခွန်းတုံ့တင်ကြရမည့်အစား အကြမ်းထည် နှလုံးသားများဖြင့် ဓားများကိုပင် အသုံးပြုကာ စစ်ခင်းယှဉ်ပြိုင်နေပုံများက နားမဆင် ရဲလောက်အောင် သရုပ်ဆောင်ပါဖောမင့်တို့ဖြင့် သူ့ထက်သူ လူစွမ်းကောင်းတွေလုပ် နေကြသည်။ တက္ကစီကားများပေါ်က မှုခင်းဇာတ်လမ်းများ၊ လိုင်းကားတွေပေါ်က သံတုတ်ဖြင့် ရိုက်နှက်ဖြေရှင်းနေကြပုံ သရုပ်ဖော် ကွက်များဖြင့် မင်းမဲ့စရိုက်များက နေရာတိုင်းနီးပါး ကျွန်တော်တို့အသက်တွေ ဖက်နှင့်ထုပ် ထားကြရတော့မလိုပင်။ ခုတော့ ပျိုမျစ်နုနယ် ဆယ်ကျော်သက်တို့၏ စာသင်ခန်းများအနီး အပါးသို့တိုင် ထိုထိုသော‘ ဓားဇာတ်လမ်းများ’ နေရာချဲ့လာပုံများမှာ မထိတ်သာမလန့်သာ။ အသက်များပင် ဖော့ရှူရကာ ရေတွေလည်း ငတ်လှပါပြီ။
မူးယစ်ဆေးဝါးကိစ္စတွေက တစ်မှောင့် ဆိုရမလိုပါပေ။ နေ့စဉ်ပင် မူးယစ်ဖမ်းမိသတင်း မပါသောနေ့ဟူ၍မရှိ။ အနည်းနှင့်အများသာ ကွာသည်။ ဖမ်းမိလိုက်ပြန်တော့ ကိုင်းဖျားကိုင်းနား သယ်ဆောင်သူမျှလောက် သာဖြစ်သည်။ လက်ရင်းပင်စည်ကို မိဖို့ဆိုတာကျတော့ ပိုင်ရှင်မဲ့ဆိုတာနှင့်ပင် တစ်ခန်းရပ်ခဲ့ ပုံများကာ ကျွန်တော်တို့ သတင်းဖတ်သူများအဖို့ ရိုး၍ပင်နေပေပြီ။ ဆိုတော့ မူးယစ်ဆေးစွဲ လူငယ်တွေတစ်နေ့တခြား တိုးပွားလာနေကြတာ ရွှေသမင်ဘယ်ကထွက် ဇာတ်လမ်းများ၏ ရေဆုံးရေဖျားထိ တူးဆွနိုင်ခြင်းမရှိသရွေ့ ကမ္ဘာသာချဉ်းသွားမယ် ဒီမူးယစ်ကိစ္စက နိဂုံးချုပ်ဖို့ မလွယ်လှပါဘူး။ သူတို့လေးတွေရဲ့ အနာဂတ်အိပ်မက်တွေ ပုံရိပ်ကောင်းကောင်း မထွက်နိုင်သလို နိုင်ငံတော်၏ ရှေ့အလားအလာမှာ ဘယ်လိုယုံပြီး ဘယ်သို့ပုံနှင့် သူတို့တွေ လက်ဖဝါးထဲဝကွက်ပြီး ရဲရဲယုံယုံ အပ်နှံခဲ့ရဲတော့မှာလဲဆိုပြီး မီးခိုးမဆုံးမိုးမဆုံး အတွေးဆန့်လေလေ ရင်မောဖွယ်ရာတွေနှင့် အသက်ရှုရသည်ပင် မွန်းကျပ်လွန်းလှသည်။
မကြာသေးမီက သတင်းတစ်ပုဒ်တွင် ဖော်ပြချက်အရ ရက် ၁၀၀ စီမံချက်ကာလ၏ ၄၄ ရက်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ တစ်နှစ်တာ ဖမ်းဆီးရမိမှုပမာဏ၏ ထက်ဝက်ကျော်အထိရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့ခွဲ (၃) ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းမှ ဖွင့်ဟပြောကြားခဲ့သည်။ စီမံချက်ကာလ ၄၄ ရက်အတွင်း ဖမ်းဆီးရမိမှုပေါင်း ၂၂၀ နှင့် အမျိုးသား ၂၈၈၊ အမျိုးသမီး ၃၆ ဦး ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါး များမှာဘိန်းဖြူ ၄၇ ကီလိုဂရမ်၊ ဘိန်းမည်း ၆ ကီလိုဂရမ်၊ အိုက်စ် ၄၂၂ ကီလိုဂရမ်၊ မက် သာဒုန်း ၁၈ ဒသမ ၅ စီစီ၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၄၀၀၊ ဆေးခြောက် ၃ ဒသမ ၉၇၂ ကီလိုဂရမ်၊ အက်ဂရာရိုလမ်ဆိုသည့်ဆေးပြား နှစ်သိန်းအပါအဝင် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည် ဟုဆိုပေသည်။ အမင်္ဂလာ စာမျက်နှာများပါပေ။ လူမှုဝန်းကျင် တလွှား ဘိန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ လျော့ပါးပျောက်ရှမသွားသမျှ ကျွန်တော်တို့တစ်တွေ ရင်ဘတ်တွေဖိထားကြရ၊ သက်ပြင်းမောဟတွေချကာ စားမဝင်အိပ်မပျော် ညအသင်္ချေနှင့် ဖြတ်သန်းနေကြရဦး မည်သာဖြစ်သည်။ အများသိကြသည့်အတိုင်းပင် မူးယစ်ဆေးဝါးများက ပေးအပ်လာသည့် နောက်ဆက်တွဲများကြောင့်ပင် သားအဖချင်း၊ မောင်နှမချင်း၊ လင်မယားအချင်းချင်း အသက်ဆုံးပါးအောင် ပြုမူကြသည်ထိ လက်ရဲဇက်ရဲ သရုပ်ဆောင်ကွက်များ မကြားဝံ့မနာသာ များဖြင့်မလုံမခြုံ အသက်ရှင် ဖြတ်သန်းနေရ ကြရပေသည်။ မူးယစ်ဆေးညွှတ်ကွင်းထဲ တွယ်ငြိသက်ဆင်းကာ အသက်ခန္ဓာများ လွင့်ကြွေ ခဲ့ကြသည့် လူငယ်ညွန့်သစ်တို့၏ ကိန်းဂဏန်းများပင် မရေမတွက်နိုင်ရှိခဲ့ကြပြီး ဒီအန္တရာယ် စက်ကွင်းကြီး ကျွန်တော်တို့ဝန်းကျင်မှ ပျောက်ရှကင်းစင်သွားဖို့ ကျွန်တော်တို့အားလုံးက  ဝိုင်းဝန်းချေဖျက် ကြရမည်ဖြစ်ပေသည်။ လက်ရှိအစိုးရသစ်မှလည်း အာရုံထဲထည့်၍ စဉ်းစားပေးစေလိုပါသည်။ အချိန်မီနိုင်ပါသေးသည်။
တစ်ဆက်တည်းမှာပင် ပြည်သူအများ စုတို့စာပေ လေ့လာဖတ်ရှုမှုဘက် အာရုံဝင်စားကြဖို့ အကြံပြုလိုပါသည်။ စာပေအရာ၌ ယဉ်ပါးနှံ့စပ်ခြင်းဖြင့် သက်ရွယ်ကြီးငယ် အားလုံးတို့၌ ပုစ္ဆာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများ စာပေဖတ်ရှုခြင်းဖြင့် လက်ငင်းရရှိနိုင်ကြမည် ဖြစ်ပေသည်။ အခက်အခဲတစ်ခုနှင့် တိုးတိုက်ခဲ့ရသော် ထိုအခက်အခဲများကို ဖြေလျှော့ရာ၌ စာပေဖတ်ရှုသူနှင့် စာပေနှင့်အလှမ်းကွာသူ နှစ်ဦးတို့၏ ကိုင်တွယ်ဖြေရှင်းနည်းများ ကွဲပြားနေမည် သာဖြစ်သည်။ ဒီအခါ စာပေဖတ်ရှုခြင်း၏ အကျိုးပြုပုံကို အကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ပညာရှင်အသီးသီးတို့က စာပေ၏အရေးပါ အရာရောက်ပုံများ ကိုဖွဲ့ဆိုခဲ့ပေရာ ‘ပညာပြည့်၀ နှလုံးလှသော် ကိစ္စကြီးငယ်ဆောက်သဖွယ်လျှင် ကျဉ်းကြယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏’  ဟူ၍ မန်လည်ဆရာတော်က မဃဒေဝလင်္ကာ ထဲထည့်၍ ဖွဲ့ဆိုပြခဲ့ပေသည်။ ဆရာတော်ဆိုသလိုပင် စာပေမှုဖြင့် ယဉ်ပါးသူတို့အဖို့၌ အများသူငါထက် နှာတစ်ဖျားသာနေသည်မှာ သေချာပါသည်။ သို့ကြောင့်ပင် ကျွန်တော်တို့ ၏ ညီနောင်သားချင်းများ စာပေလေ့လာ ဖတ်ရှုခြင်းအပေါ် အာရုံစိုက်ကြဖို့ အကြံပြုလိုပါသည်။ စာပေမှ ပေးဆက်လာမည့် ကောင်းကျိုးများကို အသုံးပြုလျက် နှလုံးသားအရောင်အသွေး လှပသူများအဖြစ် လောကတစ်ခွင် အောင်မြင်မှု အသီးအပွင့်များကို ဆွတ်ယူစားသုံးနိုင်ကြမည်မှာ သေချာလှပါသည်။ နှလုံးသားလှပသူများဖြင့် ဖန်ဆင်းတည်ဆောက် ထားသည့် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်သည်လည်း ဝန်းကျင်နိုင်ငံများအလယ်၌ ဂုဏ်အပေါင်းဖြင့် ဝံ့ထည်နေမည်မှာ သေချာပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ပုံရိပ်ကောင်းများဖြင့် တင့်တယ်လှပရေးဆိုရာ၌ နိုင်ငံအတွင်း ရှင်သန်ဖြစ်ထွန်းလျက်ရှိသည့် နိုင်ငံသားတို့အပေါ် များစွာတည်မှီပါသည်။ အထူးသဖြင့် ထိုထိုပြည်သားအပေါင်း တို့၏ နှလုံးသားအရောင်အဆင်း အဆင့်အတန်းများ လန်းဆန်းလှပနေဖို့ပင်။ ကိုယ့်ဘက်ကပေးဆပ်ဖို့ကိုသာ အစဉ်ရှေးရှုပြီး တစ်ပါးသူထံမှ ယူငင်ဖို့၊ ရယူဖို့ဆိုသည့် အတွေးမျိုး ကိုယ်စီနှလုံးသားထဲ ဦးနှောက်ထဲမှ ဖယ်ရှားထားတတ်သူမျိုး၊ အနစ်နာခံဖို့ကိစ္စ၌ ရှေ့တန်းမှနေရာယူတတ်ပြီး အခွင့်အရေးပိုင်းတွင် နောက်နားဆီကသာ ရိုးရိုးကလေး ပုန်းလျှိုးနေတတ်သူတွေ များများစာရင်းပေါက်လေလေ ထိုနိုင်ငံရှေ့တန်းအရောက် တက်လှမ်းလာမည်မှာ သေချာလှပါသည်။ ဒီတော့ ကျွန်တော်တို့အားလုံး၏ နှလုံးသားများ အမှောင်တောထဲ မနစ်မွန်းစေရေးနှင့် ဂုဏ်သိက္ခာများနှင့် ရွှေချထားနိုင်ရေးမှာ အဓိကလိုအပ်ချက်ပင် ဖြစ်ပေသည်။ နိုင်ငံတော်မှလည်း ပံ့ပိုးပေးဖို့ လိုပါသည်။ နိုင်ငံသားများ ခံစားနေကြရသည့် မလုံခြုံမှု၊ မြေနိမ့်ရာ လှံစိုက်ခံရမှုများမှသည် အခွင့်အရေး တန်းတူညီမျှစွာ ခံစားနိုင်ရေး များအဆုံး ရုပ်လုံးပီပြင်အောင် ဖော်ဆောင်ပေးဖို့လည်း လိုအပ်ပါသည်။ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ယူလျက်ရှိသည့် အလုပ်သမားရေးရာ ကိစ္စများအပေါ် တိကျသည့်ဥပဒေများဖြင့် ညှိနှိုင်းဖြေရှင်းပေးရန် လည်းလိုအပ်ပါသည်။ မတရားမှုမှန်သမျှ အမြစ်မကျန် ဆွဲနုတ်ဇာတ်သိမ်းနိုင်ပါမှ နိုင်ငံသားအပေါင်းအား ဒုက္ခနွံအတွင်းမှ ဆယ်ယူပေးနိုင်ပြီး ၎င်းင်းတို့၏ အပြုံးပွင့်လှလှများကို မြင်နိုင်ခွင့်ရပေမည်။ ဒီအခါတွင်မှ အညစ် အကြေးများကင်းစင်သည့် လှပသောနှလုံးသား၏ အဆင်တန်ဆာများဖြင့် ဝံ့ထည်တင့်တယ် နေမည့်နိုင်ငံတော်၏ ပုံရိပ်မြင်ကွင်း သည်လည်း ..အစဉ်အမြဲဘဝလှပရေး...ရင်ထဲကအလှသာရွေးချယ်...အပြုံးမြမြ...နှလုံးလှ စေဖွယ်
အမုန်းစကားမဆိုကြ...အစဉ်သာတကယ်...နှလုံးသားကိုအလှဆင်ပါကွယ်...။