ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့ အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့နှင့် တွေ့ဆုံမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုမင်းနှောင်းထောက ပြောကြားသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ (ပင်လုံ)က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့သည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ ကမ်းလှမ်းမှုများ၊ အလွတ်သဘော တွေ့ဆုံမှုများ ရှိသည်ဟုလည်း သိရသည်။ကိုမင်းနှောင်းထောက “ကျွန်တော်တို့ကတော့ ပုံစံအားဖြင့် ပြောလို့ရတာက လောလောဆယ် Myanmar Youth Forum က ကျွန်တော်တို့ကို လာချိတ်ဆက်တယ်။ ကျွန်တော်တို့က နိုင်ငံရေး အဖွဲ့အစည်းလို့ ပြောလို့ ရတာက UNA တို့ NBF တို့ကျတော့ ကျွန်တော်တို့က သွားပြီး ချိတ်ဆက်ရမယ့်သဘော ရှိတယ်။ သူတို့ကလည်း တကယ့်တိုင်းရင်းသား မဟာမိတ်ပါတီတွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့လည်း ကျွန်တော်တို့က ချိတ်ဆက်ဖို့ လိုတယ်။ ဒီ ၂၁ ပင်လုံမှာ သူတို့က တကယ့် အစုအဖွဲ့ အနေနဲ့လည်း ပါဝင်လာနိုင်တယ်။ ကျွန်တော် မြင်တာက အဲဒီလို တကယ့် အစုအဖွဲ့ အနေနဲ့ ပါကောင်းပါမယ်။ ပြီးတော့ UNFC က လူကြီးတွေနဲ့လည်း အဆင်ပြေလို့ တွေ့ခွင့်ရမယ် ဆိုရင်တော့လည်း တွေ့ပြီးတော့ ဒီကိစ္စတွေကို လုပ်မယ်လို့လည်း ကျွန်တော်တို့က စဉ်းစားထားတယ်။ ဒါက စဉ်းစားချက်ပဲ။ လောလောဆယ်ကတော့ အချိန်က လုနေရတယ်။ သူတို့ရဲ့ အချိန်ပေးနိုင်မှု အပေါ်မှာလည်း အများကြီး မူတည်တယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ၏ သြဂုတ် ၁ ရက်ပါ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင်လည်း မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသည် နိုင်ငံရေး ပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ဖြစ်သည့်အတွက် လူငယ်များ ပါဝင်သင့်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။“ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင်ပေါ့လေ။ ဒီနိုင်ငံရေး ပါတီတွေနဲ့ရော တခြား အဖွဲ့အစည်းတွေနဲ့ရော တွေ့ဖို့တောင် စဉ်းစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သဘောထား ရပ်တည်ချက်ကို ညီလာခံမှာ အဓိက ပါဝင်မယ့် လူတွေ အနေနဲ့ ကျွန်တော်တို့ တောင်းဆိုတဲ့ တောင်းဆိုချက်နဲ့ ရပ်တည်ချက်၊ လူငယ်တွေရဲ့ သဘောထားကို အားလုံးကို သိစေချင်တာ။ ပြောပြမယ်။ ပြောပြပြီးတော့မှ ဒီဟာကိုပဲ အချက်အလက်တွေကို သူတို့ လက်ခံတယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို သယ်ဆောင်သွားဖို့ ဒါကို ကျွန်တော်တို့ လုပ်မယ်လို့တော့ စဉ်းစားထားတာ ရှိတယ်” ဟု ကိုမင်းနှောင်းထောက ပြောကြားသည်။အဆိုပါ တွေ့ဆုံမှုကို သြဂုတ်လကုန်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံမတိုင်မီ ပြုလုပ်နိုင်ရန် ဆန္ဒရှိသော်လည်း မဖြစ်နိုင်ပါက ထ့ိုနောက်ပိုင်းများတွင် တွေ့ဆုံနိုင်ရန် စဉ်းစားထားကြောင်း ၎င်းက ပြောကြားသည်။
၂၁ ရာစုပင်လုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ UNA၊ NBF၊ UNFC အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်















