တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခယ်ကျင်းအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားမှုအပေါ် တရုတ်ဝန်ကြီးချုပ် လက်ခံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခယ်ကျင်းအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားမှုအပေါ် တရုတ်ဝန်ကြီးချုပ် လက်ခံ
Published 20 August 2016
ကျော်ဇင်ဝင်း

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခယ်ကျင်းအား မြန်မာနိုင်ငံသို့ မကြာမီ လာရောက်လည်ပတ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားမှုအပေါ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က လက်ခံခဲ့ကြောင်း သြဂုတ် ၁၉ ရက်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။အဆိုပါ ပူးတွဲကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင်ပင်းအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ရာ တရုတ်နိုင်ငံ သမ္မတက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်ဟု ပါရှိသည်။ထို့ပြင် မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို အတူတကွ ဖော်ထုတ်ခဲ့ကြသည့် နိုင်ငံများဖြစ်ကြသည့် အားလျော်စွာ အဆိုပါမူကြီးများကို ဆက်လက် ထိန်းသိမ်း ကျင့်သုံးရေးနှင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု၊ တန်းတူညီမျှရေးနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းမှုတို့ကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ဖြစ်ပေါ်စေရေးအတွက် အတူတကွ ကြိုးပမ်းသွားကြရန် ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်အကြား အိမ်နီးချင်းကောင်း ပီသသော မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားနှင့် နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်သော တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသည့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြကြောင်း၊ နှစ်ဖက်အကြား ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင်ရေးနှင့် ရေရှည်အကျိုးကိုမျှော်၍ ပြီးပြည့်စုံပြီး မဟာဗျူဟာကျသော မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်အောင်မြင်မှု အသစ်များ ရရှိရေး ဆောင်ရွက်သွားကြရန် အတည်ပြုခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ပါရှိသည်။တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစွမ်းကုန်ဆက်လက်၍ အကူအညီများ ပေးသွားရန်နှင့် မြန်မာပြည်သူများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာသော ဆောင်ရွက်မှုများဖြင့် ပံ့ပိုးကူညီသွားရန် အသင့်ရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့ကို မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ထို့အတူ မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် တရားဥပဒေ စိုးမိုးရေး မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။အလားတူ မြန်မာနိုင်ငံ၌ နိုင်ငံရေးဆွေးနွေးမှုများမှ တစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံအားပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသ အရေးကိစ္စတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ကြောင်း ဖော်ပြခဲ့သည်ဟု ပူးတွဲ ကြေညာချက်တွင် ပါရှိသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခယ်ကျင်း၏ ဖိတ်ကြားချက်အရ သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent