ဘတ်ဂျက်လိုငွေ လျှော့ချနိုင်ရန်အတွက် အမှန်တကယ်လုပ်သင့်သည်မှာ အခွန်ရှောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အခွန်မဆောင်ခဲ့သည့် လုပ်ငန်းရှင်များထံမှ အခွန်အပြည့်အ၀ ရရှိရန်အတွက် နောက်ကြောင်းပြန် ကောက်ခံသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆွေးနွေးသည်။သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးရဲထွဋ်က ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နှင့်၂၀၁၆ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဦးရဲထွဋ်က ယခုဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဘတ်ဂျက်လိုငွေ လျှော့ချရန်အခွန် ဝင်ငွေကို တိုးမြှင့်ရာမှာ အခြေခံပြည်သူများကို မထိခိုက်စေသည့် နည်းလမ်းများနှင့် ဆောင်ရွက်ရန်၊ အခွန်တိမ်းရှောင်မှုများကို တားဆီးရန်၊ ပွင့်လင်းမြင်သာမှုရှိသည့် ဘတ်ဂျက်ဖြစ်ရေးဆိုသည့် အခြေခံမူတွေအပေါ်မှာ အခြေပြုပြီး ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။ဦးရဲထွဋ်က “အခွန်ရငွေရှာရာမှာ ဆင်းရဲတဲ့ပြည်သူတွေကို ဝန်မပိစေတဲ့ နည်းလမ်းမျိုးကို ရှာသင့်ပါတယ်။ ဘတ်ဂျက်လိုငွေ လျှော့ချဖို့ တကယ်လုပ်သင့်တာက အခွန်ရှောင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အခွန်ပေးဆောင်ခြင်း မရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အခွန် အပြည့်အ၀ ရရှိအောင် ဆောင်ရွက်သင့်ပါတယ်။ အခွန်အပြည့်အ၀ ရဖို့အတွက် အခွန်မဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေဆီကနေ နောက်ကြောင်းပြန် ကောက်ခံသင့်ပါတယ်။နောက်ပြီးတော့ ဖားကန့်ဒေသကနေ ပြည်ပကို တရားမဝင် ထွက်နေတဲ့ ကျောက်စိမ်းတွေကို တားဆီးနိုင်မယ်ဆိုရင် အခွန်တွေ ပိုမိုရရှိလာမယ်။အဲဒီလို တားဆီးနိုင်မယ်ဆိုရင် ဒူဘိုင်း၊ ကူဝိတ်တို့လို ပြည်သူတွေကို ထောက်ပံ့နိုင်ပါတယ်။အခွန်တိမ်းရှောင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အခွန်အပြည့်အ၀ ကောက်ခံနိုင်မယ်ဆိုရင် အခွန်ရငွေတွေ တိုးလာမှာပါ။ ဒါဆိုရင် ပြည်သူတွေအနေနဲ့ မိမိတို့ ထမ်းဆောင်သင့်တဲ့ အခွန်ကလွဲပြီး သက်သာလာမှာပါ” ဟု ဆွေးနွေးသည်။ဆက်လက်၍ “အခွန်အကောက်တွေဟာ အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ပါဘူး။ ယနေ့အချိန်မှာ အခြေခံလူတန်းစားတွေဟာ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန် အစရှိတဲ့ အခွန်တွေ ဆောင်နေရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တွေမှာ ဝယ်ယူစားသုံးရင်လည်း အခွန်ဆောင်နေရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ တကယ်တော့ ဆိုင်တွေဆီက ကုန်သွယ်ခွန်၊ လိုင်စင်ခွန်၊ အမြတ်ခွန် စတာတွေ ကောက်တာနဲ့တင် လုံလောက်ပါတယ်” ဟု ဦးရဲထွဋ်က ဆွေးနွေးသည်။ထို့ပြင် ဘတ်ဂျက်ရေးဆွဲရာမှာ ခန့်မှန်းခြေ ကိန်းဂဏန်းတွေကို တတ်နိုင်သမျှ တိကျပြီး အမှန်နှင့် နီးစပ်ရန်လိုအပ်ကြောင်း၊ ဘတ်ဂျက် ပိုလျှံငွေ ပြန်လည်အပ်နှံမှုသည် ကျပ်ဘီလျံ ထောင်ချီရှိနေသည်မှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။အခွန်အပြည့်အ၀ ကောက်ခံရရှိပါက ပညာရေး ကျန်းမာရေး ကဏ္ဍတွင် ပိုမိုသုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ နိမ့်ကျနေသည့် ပညာရေးစနစ်နှင့် ကျန်းမာရေးကဏ္ဍသည် ပြည်သူများအတွက် များစွာ လိုအပ်နေကြောင်း၊ အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်သည် များစွာနိမ့်ကျနေသည့်အတွက် ပိုမို သုံးစွဲရန် လိုအပ်ကြောင်း ဦးရဲထွဋ်က ဆွေးနွေးသည်။
အခွန်မဆောင်ခဲ့သည့် လုပ်ငန်းရှင်များထံမှ အခွန်အပြည့်အ၀ ရရှိရန် နောက်ကြောင်းပြန် ကောက်ခံသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး















