ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါရှယ်ယာ ဈေးပြုတ်ကျပြီး ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြင့် အနိမ့်ဆုံး ကျဆင်းကာ စတော့အိတ်ချိန်း မဖွင့်လှစ်မီဈေးနှုန်း၏ ထက်ဝက်ခန့်သာ ကျန်ရှိ

ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါရှယ်ယာ ဈေးပြုတ်ကျပြီး ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြင့် အနိမ့်ဆုံး ကျဆင်းကာ စတော့အိတ်ချိန်း မဖွင့်လှစ်မီဈေးနှုန်း၏ ထက်ဝက်ခန့်သာ ကျန်ရှိ
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်
Published 15 August 2016
ဖြိုးဝေ

ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါ ရှယ်ယာဈေးပြုတ်ကျခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၄၂၀၀၀သာ ကျန်ရှိကာ သြဂုတ် ၁၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၄၅၀၀၀ မှ ကျပ် ၃၀၀၀ ပြုတ်ကျခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်း မစတင်မီဖြစ်ပေါ်ခဲ့သည့် ကျပ် ၈၀၀၀၀ ကျော်၏ ထက်ဝက်ခန့်သာ ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ နေ့စဉ် အရောင်းအဝယ် ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သိရသည်။
သြဂုတ် ၁၅ ရက်တွင် သီလဝါရှယ်ယာ တစ်စုမှာ ကျပ် ၄၂၀၀၀ သာ ရှိပြီး သြဂုတ် ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအောက် ကျပ် ၃၀၀၀ ကျဆင်းခဲ့သော်လည်း FMI ရှယ်ယာမှာ တစ်စုလျှင် ကျပ် ၂၀၀၀၀ ဖြင့် ဈေးနှုန်းဆက်လက် တည်ငြိမ်နေခဲ့သည်။
“သီလဝါဆိုရင် နိုင်ငံတော်က လုပ်နေတာဖြစ်သလို ဂျပန်နိုင်ငံကလည်း ပါဝင်တဲ့ လုပ်ငန်းကြီးဖြစ်တယ်။ ဒီလို လုပ်ငန်းကြီးတောင် အရောင်းအဝယ် ကျလာတယ်ဆိုရင် ဘာကြောင့်ကျလဲ အဖြေရှာဖို့လိုတယ်။ ဆိုလိုချင်တာ သီလဝါက တခြားသော အများပိုင်ကုမ္ပဏီတွေနဲ့ ပုံစံမတူဘူး။ အမြဲတမ်း Dynamic ဖြစ်နေရမယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြုပြောကြားသည်။
FMI နှင့် သီလဝါရှယ်ယာများ ယခင်က နေ့စဉ် ကျပ်ဘီလျံနှင့်ချီ အရောင်းအဝယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၁ ရက်မှ စတင်ကာ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ်သိန်းတစ်ထောင် အောက်သာ အရောင်းအဝယ် ဖြစ်ပေါ်ပြီး သြဂုတ် ၁၅ ရက်တွင်လည်း FMI ရှယ်ယာ အစုပေါင်း ၂၅၆၅ စောင်နှင့် သီလဝါရှယ်ယာ အစုပေါင်း ၁၅၃၄ စောင်သာ ရောင်းချခဲ့ရပြီး အရောင်းအဝယ်ဖြစ်ပေါ်မှု တန်ဖိုးမှာ ကျပ်သိန်း ၁၁၀၀ ကျော်သာ ဖြစ်ပေါ်ခဲ့သည်။
မေ ၂၀ ရက်တွင် စတင်ရောင်းချသည့် သီလဝါ MTSH ရှယ်ယာများအနေဖြင့် ရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နှုန်းထားများသည်ပင် သီလဝါ MTSH ရှယ်ယာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း  ၁၇၃၉၂၅ စု ဖြစ်ပေါ်ကာ ကျပ် ၁၀ ဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ သီလဝါ ရှယ်ယာများသည်လည်း ရှယ်ယာတစ်စုလျင် ကျပ် ၅၂၀၀၀ အထိ ကျဆင်းခဲ့ပြီး အရောင်းအဝယ် ဖြစ်ပေါ်မှု ၇၄၀၄၂  စုသာရှိကာ ၃ ဒသမ ၉ ဘီလျံကျော် ဖိုးသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
ဇွန်လတွင် FMI ရှယ်ယာ အဖွင့်ဈေးမှာ ကျပ် ၂၅၅၀၀ ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၂၇၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၂၀၀၀၀ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရေအတွက် ၁၁၈၅၅၀ ဖြင့် ၂ဒသမ၉ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး သီလဝါရှယ်ယာ မှာ အဖွင့်ဈေး ကျပ် ၅၆၀၀၀ ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၅၉၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာ တစ်စုလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ကာ အစုရှယ်ယာ အရေအတွက် ၇၄၀၄၂  ဖြင့် ၃ ဒသမ ၉ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
 ဇူလိုင်လတွင်  FMI ရှယ်ယာအဖွင့် ဈေးမှာ ကျပ် ၂၂၀၀၀ ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၂၂၀၀၀ သာ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျင် ကျပ် ၁၉၀၀၀ အထိ ကျဆင်းခဲ့ပြီး အစုရှယ်ယာ အရေအတွက် ၆၉၆၆၃ ဖြင့် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး သီလဝါရှယ်ယာမှာ အဖွင့်ဈေး ကျပ် ၅၀၀၀၀ ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၅၁၀၀၀ သာဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့သဖြင့် အစုရှယ်ယာ အရေအတွက် ၄၆၃၈၅  ဖြင့် ၂ ဒသမ ၃ ဘီလျံကျော်ဖိုးသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလဝါရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ခြောက်ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအဝယ် ဖြစ်ပေါ်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည့် လစဉ်အရောင်းအဝယ် ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။