မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာနိုင်ငံအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ တစ်ဘီလျံအထိ ခွဲဝေပို့လွှတ်ပေးခဲ့ဟု သိရ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာနိုင်ငံအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ တစ်ဘီလျံအထိ ခွဲဝေပို့လွှတ်ပေးခဲ့ဟု သိရ
Published 15 August 2016
ဖြိုးဝေ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ စုစုပေါင်း တစ်ဘီလျံ ကုဗမီတာ ခွဲဝေပို့လွှတ်ခဲ့ပြီး ဖြစ်ကြောင်း အရှေ့တောင်အာရှ ပိုက်လိုင်း ကုမ္ပဏီ (မန္တလေး) Control Center ၏ အချက်အလက်များအရ သိရှိရသည်ဟု အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီ၏ သြဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၃ ခုနှစ် ပိုက်လိုင်း စတင်လည်ပတ်ချိန်မှစ၍ ၂၀၁၆ ခုနှစ် သြဂုတ် ၁၅ ရက် ည နေ ၆ နာရီအထိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ စုစုပေါင်း ၁ ဒသမ ၀၀၁ ဘီလျံ ကုဗမီတာ Download ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်းသည် ဒေသခံများအတွက် အကျိုးအမြတ်များ ဖြစ်ထွန်းစေပြီး ပိုက်လိုင်းစီမံကိန်းမှ တစ်ဆင့် အခွန်ဝင်ငွေ၊ ရင်းနှီးမှု အမြတ်ဝင်ငွေ၊ Rightway fee၊ Transmit fee၊ Training Fund အစရှိသည့် အကျိုးအမြတ်များ ရရှိစေခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
၂၀၁၅ခုနှစ် ဧပြီလတွင် မြန်မာ-တရုတ် ပိုက်လိုင်း၏ Supporting construction ဖြစ်သည့်ကျောက်ဖြူ၊ ရေနံချောင်း၊ မန္တလေး၊ တောင်သာ ခွဲဝေစခန်း (Off-loading Point) အားလုံး အသုံးပြု လည်ပတ်ခဲ့ပြီး ၎င်းခွဲဝေစခန်း လေးခု၏ သဘာဝဓာတ်ငွေ့ အမြင့်ဆုံး အသုံးများသည့် ကာလများတွင် တစ်နေ့ Download ပြုလုပ်သည့် ပမာဏမှာ ၂ ဒသမ ၇ သန်း ကုဗမီတာအထိ ရှိနေကြောင်း သိရသည်။
ကျောက်ဖြူဒေသတွင် လျှပ်စစ်မီး အခက်အခဲ ရှိနေသည်မှာ ကာလကြာမြင့်နေပြီ ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ရရှိပြီးနောက်ပိုင်း ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အားပို့လွှတ်သည့်နောက် ကျောက်ဖြူသည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံး လျှပ်စစ်မီး၂၄ နာရီရရှိသည့်ခရိုင် ဖြစ်ခဲ့ကြောင်း ကျောက်ဖြူခရိုင်မှူး ဦးစိုးသိန်းက ပြောကြားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မြန်မာ- တရုတ် ပိုက်လိုင်း လည်ပတ်ပြီး လေးလပြည့်ပြီးနောက်ပိုင်း ကျောက်ဖြူ Initial Station မှ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံသို့ ယာယီဓာတ်အား ထောက်ပံ့ခဲ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အား အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။
ကျောက်ဖြူ ဓာတ်ငွေ့ခွဲဝေစခန်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ဓာတ်ငွေ့အမြဲ ခွဲဝေပို့လွှတ်ခြင်းကို စတင်ခဲ့ပြီး ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ဒေသတွင်း စီးပွားရေး တိုးတက်မှု အပိုင်းတွင် မြင့်မားသည့် အထောက်အပံ့ တွန်းအားတစ်ခု ဖြစ်စေခဲ့သည်ဟု ဆိုသည်။
တောင်သာခွဲဝေစခန်းသည် မြန်မာ-တရုတ် ပိုက်လိုင်း၏ အလယ်ပိုင်းတွင် တည်ရှိပြီး  နေ့စဉ်ဓာတ်ငွေ့ ပို့လွှတ်သည့် ပမာဏမှာ လမ်းကြောင်း တစ်ခုလုံး၏ ၆၄ ရာခိုင်နှုန်းအထိ ရှိနေပြီး နှစ်စဉ်ဓာတ်ငွေ့သန်း ကုဗမီတာ ၂၀၀ ပို့လွှတ်ပို့လွှတ်ရန် စီမံထားကြောင်း သိရသည်။ လက်ရှိတွင် အဓိက သုံးစွဲသူများမှာ Aggreko  ဓာတ်အားပေးစက်ရုံနှင့် V-power ဓာတ်အားပေး စက်ရုံဖြစ်ပြီး တောင်သာ ဓာတ်အားခွဲဝေစခန်း  စတင်လည်ပတ်ပြီး နောက်ပိုင်း Aggreko ဓာတ်အားပေးစက်ရုံမှ ဦးဆုံးဓာတ်အား ထုတ်ယူသုံးစွဲ နိုင်ခဲ့ကြောင်း သိရသည်။
ပထမကာလတွင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်တစ်သိန်း ပို့လွှတ်ရန် စီစဉ်ထားပြီး ဒုတိယကာလတွင် ကီလိုဝပ် နှစ်သိန်းပိုလွှတ်ရန် စီစဉ်ဆောင်ရွက်ထားကာ လျှပ်စစ်ဓာတ်အားများကို မြင်းခြံနှင့် တောင်သာဒေသရှိ ပြည်သူများထံသို့ ပို့လွှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့လွှတ်မှုကြောင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး သံမဏိစက်ရုံလုပ်ငန်း အပါအဝင် လူဦးရေ သိန်းချီကို အကျိုးပြုနိုင်ခဲ့ပြီး V-poower ဓာတ်အားပေးစက်ရုံသည် ယခုနှစ် မေလတွင် တရားဝင် လုပ်ငန်းလည်ပတ်ခဲ့ကာ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁ ဒသမ ၅ သန်းပို့လွှတ်နိုင်မည်ဖြစ်သည်။                      
မြန်မာ-တရုတ် ပိုက်လိုင်းကုမ္ပဏီကို မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ လေးနိုင်ငံမှ ကုမ္ပဏီခြောက်ခုတို့ ရင်းနှီးမြှုပ်နှံ၍ ထူထောင်ခဲ့ပြီး ပိုက်လိုင်းအရှည်မှာ စုစုပေါင်း ၇၉၃ ကီလိုမီတာရှိကာ မြန်မာနိုင်ငံ အနောက်ဖက် ကျောက်ဖြူခရိုင် ရမ်းဗြဲကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရွှေလီမှတစ်ဆင့် တရုတ်ပြည်သို့ ပို့လွှတ်သည်။ ပိုက်လိုင်း စတင်လည်ပတ်သည့် ၂၀၁၃ ခုနှစ်မှ စ၍ ယခုထိတိုင် လုံခြုံစွာဖြင့် ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။