ကုလသမဂ္ဂ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးမှု ညီလာခံ (UNCTAD) က ဇွန် ၂၄ ရက်က ထုတ်ပြန်သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ ၂၀၁၆ အရ လာမည့်သုံးနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လိုမှု အများဆုံး ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း သိရသည်။
အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လိုမှု အများဆုံး နိုင်ငံများ စာရင်းတွင် ၂၀၁၈ ခုနှစ်အထိ ဦးဆောင်နေဦးမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ပါဝင်ခဲ့သော ဟောင်ကောင်နှင့် စင်ကာပူ နိုင်ငံတို့နေရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု UNCTAD ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေး ကော်ပိုရေးရှင်းကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ရင်းနှီး မြှုပ်နှံလိုသည့် ၁၅ နိုင်ငံစာရင်းတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့က အစဉ်လိုက် ပါဝင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် ပထမဦးဆုံး ပါဝင်လာခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် လျှပ်စစ်၊ စွမ်းအင်၊ လမ်းတံ တား၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေး အခြေခံလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု လုပ်ငန်းများ စသည်တို့အတွက် အလားအလာ ကောင်းမွန်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံ ၁၄၀ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၁၇ မှ ၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှတစ်နှစ်လျှင် အမေရိကန် ခြောက်ဘီလျံမှ ရှစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခန့်မှန်းထားသည်။
အဆိုပါ စီမံကိန်းတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာ ဝင်ရောက်လာရန် မဟာဗျူဟာ များရေးဆွဲထားပြီး ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ် အထိ ပျမ်းမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက် နှုန်းကို အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ၊ ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်းကို အမေရိကန် ဒေါ်လာ ရှစ်ဘီလျံအထိရှိရန် ခန့်မှန်းထားခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် မေလကုန်အထိ မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလျံဝင်ရောက်ရန် ခွင့် ပြုထားသည်။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံ ဝင်ရောက်ရန် မြန်မာအစိုးရက မျှော်မှန်းထားသည်။
UNCTAD က ၂၀၁၆ တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှုကို ၂၀၁၆ တွင် ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ၊ ၂၀၁၇ တွင် ၁ ဒသမ ၇ ထရီလျံ၊ ၂၀၁၈ တွင် ၁ ဒသမ ၈ ထရီလျံဝင်ရောက်မည်ဟု မျှော်မှန်းထားသည်။
ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုညီလာခံမှ ထုတ်ပြန်သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ ၂၀၁၆ အရ လာမည့်သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လိုမှု အများဆုံး ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်