၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန် ၁၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှု တန်ချိန် တစ်သိန်းခွဲကျော် ရှိပြီး ဒေါ်လာ ၅၂ သန်းကျော် ရရှိရာ ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၈၀ ကျော် လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန် ၁၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှု တန်ချိန် တစ်သိန်းခွဲကျော် ရှိပြီး ဒေါ်လာ ၅၂ သန်းကျော် ရရှိရာ ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၈၀ ကျော် လျော့ကျ
Published 22 June 2016
စည်သူအောင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန် ၁၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် တင်ပို့မှု ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ဇွန် ၁၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၅၈၂၈၃ တန် တင်ပို့ခဲ့ပြီး ဒေါ်လာ ၅၂ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။ ဆန်တင်ပို့မှု အနေဖြင့် တန်ချိန် ၁၁၇၅၇၀ တင်ပို့ခဲ့ပြီး ဒေါ်လာ ၄၂ သန်းကျော် ရရှိခဲ့ကာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၃၀၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၅၃ သန်းကျော် လျော့နည်းခဲ့သည်။ ဆန်ကွဲ ပြည်ပ တင်ပို့မှုမှာ တန်ချိန် ၄၀၇၁၂ တန်ရှိပြီး ဒေါ်လာ ၁၀ ဒသမ ၃ သန်းကျော် ရရှိခဲ့ရာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၈၃၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇ သန်းကျော် လျော့နည်းခဲ့ပြီး ဆန်နှင့် ဆန်ကွဲ ပေါင်းပါက ယခင်နှစ်ကထက် ဒေါ်လာ သန်း ၈၀ ကျော်ဖိုး တင်ပို့မှု ကျဆင်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ဆန်အများစုကို နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် မတ်လမှ စတင်ကာ ဆန်ကုန်သည်များကို ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ၊ မေလနှင့် လက်ရှိ ဇွန်လလယ် အထိ တင်ပို့မှု ကျဆင်းနေခြင်းဖြစ်သည်။ လက်ရှိမူ ဆယ်ဆန် တင်ပို့မှု အခြေအနေမှာ တရုတ်ဘက်တွင် စစ်ဆေးမှု အနည်းငယ် ရှိသောကြောင့် အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ဇွန်လဆန်းတွင် မူဆယ်နယ်စပ်သို့ ပြည်တွင်း နယ်စုံမှ ဆန်တန်ချိန် တစ်ရက် ပျမ်းမျှ ၁၆၅၀ ကျော် ဝင်ရောက်ပြီး ဇွန် ပထမပတ် အတွင်း ဆန်တန်ချိန် ၇၃၀၀ ကျော် ဝင်ရောက်ခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေး အန္တရာယ်ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်ချင်း နှိုင်းယှဉ်ပါက တန်ချိန် လေးသိန်းကျော် လျော့ကျခဲ့သည်။ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစ ဧပြီ၊ မေနှင့် ဇွန်လလယ်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှု ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းခွဲ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။     

Most Read

Most Recent