ပြည်ပမှ အသက်ကယ်ဆေး၊ ကာကွယ်ဆေးများ တင်သွင်းရာ၌ ပထမ SO တစ်စောင်အတွက် အကောက်ခွန် ရှင်းလင်းမှု မပြီးမချင်း နောက်ထပ် တင်သွင်းခွင့် မပြုသည့် စနစ်ကို သုံးသပ်ပေးရန် ဆေးအသင်း တင်ပြ

ပြည်ပမှ အသက်ကယ်ဆေး၊ ကာကွယ်ဆေးများ တင်သွင်းရာ၌ ပထမ SO တစ်စောင်အတွက် အကောက်ခွန် ရှင်းလင်းမှု မပြီးမချင်း နောက်ထပ် တင်သွင်းခွင့် မပြုသည့် စနစ်ကို သုံးသပ်ပေးရန် ဆေးအသင်း တင်ပြ
Published 22 June 2016
နီလာ

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပ နိုင်ငံများမှ အသက်ကယ်ဆေး၊ ကာကွယ်ဆေး အပါအဝင် ဆေးဝါးများ တင်သွင်းရာ၌ ပထမ SO တစ်စောင်အတွက် အကောက်ခွန် ရှင်းလင်းမှု မပြီးမချင်း နောက်ထပ် တင်သွင်းခွင့် မပြုသည့် စနစ်ကို ပြန်လည် သုံးသပ်ပေးရန် ဇွန် ၁၃ ရက်က မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ ဒေါက်တာ ဝင်းကြိုင်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။“အရေးပါတဲ့ ကာကွယ်ဆေးတွေ၊ အသက်ကယ်ဆေးတွေ တင်သွင်းတဲ့ နေရာမှာ ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အပူချိန် ၂ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ကြားမှာ ရှိတဲ့ အအေးခန်း သိုလှောင်မှု စနစ်နဲ့ အညီ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင်ရပါတယ်။ အဆိုပါ ဆေးဝါးများ တင်သွင်းတဲ့ အခါမှာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်အရ ဒီဆေးဝါးတွေကို ကျွန်တော်တို့ လေယာဉ်ပျံနဲ့ပဲ တင်သွင်းရတာ များပါတယ်။ လေယာဉ်နဲ့ တင်သွင်းတဲ့ အခါ လေဆိပ်ကို ရောက်လျှင် ရောက်ချင်း ကျွန်တော်တို့က Special Order (SO) နဲ့ ချက်ချင်း ထုတ်ယူလျက် ရှိပါတယ်။ ဆိုတော့ ထုတ်ယူတဲ့ အခါမှာ Custom နဲ့ ပတ်သက်တဲ့ Clearance ကိုကျတော့ ကုန်ပစ္စည်း ထုတ်ယူပြီးတဲ့ အခါကျမှ Custom Clearance ကိစ္စကို ဆောင်ရွက်ခွင့် ရပါတယ်” ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ ဒေါက်တာဝင်းကြိုင်က ပြောကြားသည်။“အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ အခု ကျွန်တော်တို့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခက်အခဲ တစ်ခုကတော့ ဆိုပါစို့။ ကျွန်တော်က နိုင်ငံ တစ်နိုင်ငံကနေ ပစ္စည်းတစ်ခု သွင်းလိုက်တယ်။ အဲဒါကို SO နဲ့ ထုတ်ပြီး Custom Clearance လုပ်တဲ့ နေရာမှာ သတ်မှတ်ကာလ အနေနဲ့ ရက် ၃၀ ဆို ရက် ၃၀ အတွင်းမှာ အရင်တုန်းက ဆောင်ရွက်ရပါတယ်။ အခုက လက်ရှိ စနစ်အရ SO တစ်စောင်ကို ကျွန်တော်တို့က Custom Clearance ပြီးပြတ်အောင် မလုပ်ဆောင်နိုင်သေးတဲ့ အချိန်မှာ နောက်ထပ် မည်သည့်နိုင်ငံ သို့မဟုတ် အလားတူ ပစ္စည်းတွေကို ထပ်သွင်းခြင်းကို လက်ခံဆောင် ရွက်ခြင်း မပြုပါဘူး။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ အဲဒါလေး တစ်ခုကို တကယ်လို့များ လက်ရှိ ပြည်တွင်းမှာ ဈေးကွက် လိုအပ်ချက် အရ ပြည်သူတွေ လိုအပ်ချက်အရ လိုအပ်နေတယ်။ တကယ်လို့ ဒီ Processing ကို ဖြတ်သန်းနေတဲ့ အခါမှာ ကြန့်ကြာမှုတွေ ရှိခဲ့ရင် ဈေးကွက်မှာ မလိုလား အပ်ဘဲ အဆိုပါ အရေးကြီးတဲ့ ဆေးဝါးတွေ ပြတ်လပ်မှုတွေ ကြုံတွေ့နိုင်တာကို တင်ပြလိုပါတယ်” ဟု ဒေါက်တာ ဝင်းကြိုင်က ပြောကြားသည်။ထို့ကြောင့် လက်ရှိ ကျင့်သုံးနေသည့် ပထမ SO တစ်စောင်ကို အကောက်ခွန် ရှင်းလင်းမှု မပြီးမချင်း နောက်ထပ် တင်သွင်းခွင့် မပြုသည့် စနစ်အစား ယခင်က ကျင့်သုံးခဲ့သည့် ရက် ၃၀ အတွင်း နောက်ထပ် အကြို၊ ဒုတိယ အကြို တင်သွင်းခြင်းကို သီးသန့် အနေဖြင့် ခွင့်ပြုပေးရန်နှင့် အကယ်၍ တင်သွင်းခွင့် ပြုပါက ဈေးကွက်အတွင်း အသက်ကယ် ဆေးဝါးနှင့် ကာကွယ်ဆေး ပြတ်လပ်မှု ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ၎င်းက အကြံပြု ဆွေးနွေးခဲ့သည်။

Most Read

Most Recent