အခွန်ထမ်းများကို တရားစွဲဆိုဆောင်ရွက်မှု မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် အခွန်ထမ်းဆောင်မှု မရှိသည့် အခွန်ထမ်းများကို တရားစွဲဆို အရေးယူနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းနေပြီး မကြာမီ တရားစွဲဆို အရေးယူမည်

အခွန်ထမ်းများကို တရားစွဲဆိုဆောင်ရွက်မှု မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် အခွန်ထမ်းဆောင်မှု မရှိသည့် အခွန်ထမ်းများကို တရားစွဲဆို အရေးယူနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းနေပြီး မကြာမီ တရားစွဲဆို အရေးယူမည်
Published 20 June 2016

မြန်မာနိုင်ငံတွင် အခွန်ထမ်းများကို တရားစွဲဆိုဆောင်ရွက်မှု မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် အခွန်ထမ်းဆောင်မှု မရှိသည့် အခွန်ထမ်းများကို တရားစွဲဆို အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းနေပြီး မကြာခင် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က The Daily Eleven သို့ ပြောကြားသည်။
လက်ရှိအစိုးရ၏ မူဝါဒဖြစ်သည့် အခွန်တိုးမြှင့် ရရှိအောင် ကောက်ခံရေးနှင့် အခွန်ရှောင်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနက လုပ်ဆောင်နေခြင်းဖြစ်ပြီး အခွန်ထမ်းများအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးခြင်းဖြင့် အခွန်ထမ်းများ အနေဖြင့် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်ချင်အောင် လုပ်ဆောင်မည်ဟု ဦးမင်းထွဋ်က ဆိုသည်။
ထို့ပြင် ဘတ်ဂျက်ရရှိမှုအပေါ် အခြေခံပြီး အခွန်ပညာပေး လုပ်ငန်းများအား ပိုမိုဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် လိုက်နာဆောင်ရွက်မှု မရှိသည့် အခွန်ထမ်းများအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ဦးမင်းထွဋ်က ပြောကြားသည်။
"မြန်မာနိုင်ငံမှာ အခွန်လိုက်နာ ဆောင်ရွက်မှု မရှိတဲ့ အခွန်ထမ်းတွေကို တရားစွဲဆို အရေးယူမှု မရှိတာ နှစ်အတော်ကြာခဲ့ပြီ။ အခုတော့ လိုက်နာဆောင်ရွက်မှု မရှိတဲ့ အခွန်ထမ်းတွေကို အရေးယူဆောင်ရွက်ဖို့ ညှိနှိုင်းနေပါတယ်။ မကြာခင် အရေးယူ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်" ဟု ဦးမင်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ နှစ်အဆက်ဆက်က အခွန်ကြွေးကျန်များကိုလည်း သက်ဆိုင်ရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးများမှ တာဝန်ရှိသူများက ဦးဆောင်၍ လိုက်လံကောက်ခံ လျက်ရှိပြီး ပေးသွင်းရန်ကျန်ရှိသည့် အခွန် ကြွေးကျန်များကို ကုမ္ပဏီများက အချိန်မီ ပေးသွင်းကြရန် လှုံ့ဆော်ဆောင်ရွက်မှုများ ပြုလုပ်နေသည်။
သတ်မှတ်ကာလ ကျော်လွန်သည်အထိ အခွန်လာရောက် ပေးဆောင်ခြင်း မရှိခြင်း၊ ဝင်ငွေကြေညာလွှာ တင်သွင်းခြင်း မရှိခြင်း စသည့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်မှု များအတွက် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၆၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်းထက် မပိုသော ငွေအား ဒဏ်တပ်ရိုက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေး ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ခံရနိုင်ကြောင်း သိရသည်။ ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်မ ခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်းထက် မပိုသော ငွေအား ဒဏ်တပ် ရိုက်ခြင်း၊ အခွန်တိမ်းရှောင်မှုအတွက် ကျသင့်အခွန်၏ တစ်ဆ ဒဏ်ငွေတပ်ရိုက်ခြင်း၊ အခွန်တိမ်းရှောင်မှုအတွက် အခွန်နှင့် ဒဏ် ငွေအပြင် တစ်နှစ်ထက်မပိုသော ထောင် ဒဏ်နှင့် ကျပ်တစ်သိန်းထက်မပိုသော ဒဏ် ငွေများကျခံရခြင်း၊ လိမ်လည်လှည့်ဖြားလို၍ ကြေညာလွှာ မမှန်မကန်တင်သွင်းခြင်းအ တွက် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့် ကျပ် သုံးသိန်းထက်မပိုသော ဒဏ်ငွေများ ကျခံရ နိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ခြင်းအပေါ် သုံးနှစ်မှ ခုနစ်နှစ်အထိ ထောင်ဒဏ်ကျခံရခြင်း စသည့်အရေးယူမှုများ ပြုလုပ်နိုင်သည်။
ထို့ပြင် အထူးကုန်စည်ခွန် ဥပဒေက ပြဋ္ဌာန်းမှုများကို မလိုက်နာပါကလည်း ဒဏ် ငွေ ကျပ်သိန်း ၅၀ မှ ကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမှုအထိ အရေးယူခံရ နိုင်သည်။
မြန်မာနိုင်ငံတွင် နှစ်အလိုက် အခွန်ရရှိမှုအဖြစ် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်၂၇၁၀ ဒသမ ၉၀၆ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၃၅၁၂ ဘီလျံကျော်ရရှိခဲ့ပြီး နှစ်အလိုက် တိုးမြှင့် ကောက်ခံ ရရှိခဲ့သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄၄၁၁ ဘီလျံကျော်နှင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွက် လက်ရှိအချိန်တွင် နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ထားပြီး ပထမ ၆ လပတ်တွင် ၂၃၅၇ ဒဿမ ၈၀၅ ဘီလျံ ရရှိထားသည်။

Most Read

Most Recent