လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၁၅၀၁၅ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား

လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၁၅၀၁၅ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား
Published 20 June 2016
မင်းသီဟဇော်

လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်) တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၁၅၀၁၅ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
 
လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေစီမံကိန်းများမှ ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ကုဗပေ ၁၆၀၆၀၀ သန်းနှင့် ပြည်ပအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ ၅၁၅၀၁၅ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
အဆိုပါ ဘဏ္ဍာနှစ်တွင် ရတနာစီမံကိန်းမှ ပြည်ပအတွက် သဘာဝဓာတ်ငွေ့ကုဗပေ ၂၀၆၂၂၅ သန်း၊  ရဲတံခွန်မှ ကုဗပေ ၇၃၃၆၅ သန်း၊ ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၈၉၄၂၅ သန်း၊ ရွှေစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၄၆၀၀၀ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှု ခန့်မှန်းချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ကုဗပေ ၁၄၂၀၉ ဒသမ ၉၁၈ သန်း၊ ကမ်းလွန်လုပ်ကွက်များမှ ကုဗပေ ၆၇၅၆၁၅ သန်း စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၆၈၉၈၂၄ ဒသမ ၉၁၈ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) ကာလအတွင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ခေတ်စနစ်နှင့် လျော်ညီမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ ပြုစုရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
ပြည်တွင်းစွမ်းအင် သုံးစွဲမှုလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံခြားရေနံကုမ္ပဏီများအား ဖိတ်ခေါ်၍ မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းစေပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံမြေအသစ်များ ရှာဖွေထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း တွင်ဖော်ပြထားသည်။
 
ထို့ပြင် အနာဂတ်ကာလတွင် ကမ်းလွန်ရေနံလုပ်ငန်းကို နိုင်ငံတော်မှ Operator  အနေဖြင့် တာဝန်ယူဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်များကို လေ့လာသုံးသပ်၍ စီမံဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
 
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိန်းသိမ်းပြုပြင်ချဲ့ထွင် ဖြည့်ဆည်းနိုင်ရန်အတွက် နည်းပညာနှင့် အရင်းအနှီးများ ကြီးမားစွာ လိုအပ်သောကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။
 
 
 

Most Read

Most Recent