ကျောက်မျက် အချောထည် တင်ပို့နိုင်ရေးနဲ့ စောင့်ကြည့်ရမယ့် စီးပွားရေး မူဝါဒ

ကျောက်မျက် အချောထည် တင်ပို့နိုင်ရေးနဲ့ စောင့်ကြည့်ရမယ့် စီးပွားရေး မူဝါဒ
Published 19 June 2016
ဖြိုးဝေ

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အတည်ပြုပြီးခဲ့တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုကို ဒီဇိုင်းပုံစံ ပြောင်းပြီး ဆက်လက် တည်ဆောက်မယ်လို့ ပြောကြားမှုတွေ ရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာ လက်ရှိ အစိုးရသစ် လက်ထက်မှာ ဒီစီမံကိန်းတွေက ဆက်လုပ်မယ် ဆိုပေမယ့် ဘာမှ ရေရေရာရာ မရှိသေးဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောဆိုခဲ့ပါတယ်။ဒါ့အပြင် လက်ရှိ ဘဏ္ဍာနှစ်မှာ စတင်ကောက်ခံတဲ့ ဖုန်းဘီလ်ကနေ ဧပြီမှာ ၇ ဒသမ ၅ ဘီလျံရခဲ့ပြီး ရငွေကို ပညာရေးအတွက် အသုံးပြုမယ် ဆိုတာနဲ့ မေလအတွက် ရရှိတဲ့ အခွန် ၈ ဒသမ ၃၇ ဘီလျံကို နိုင်ငံတော် အစိုးရ ဘဏ္ဍာငွေအဖြစ် သတ်မှတ်မယ် ဆိုတာကြောင့် ယခင်အစိုးရတွေနဲ့ မတူဘဲ ပွင့်လင်း မြင်သာရှိတဲ့ အစိုးရလို့ ပြည်သူတွေ ထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ ဒီလို သတင်းတွေ ရှိနေတဲ့ ရက်သတ္တပတ်မှာ အထူးပြု တင်ပြလိုတာကတော့ ကျောက်မျက် အချောထည် တင်ပို့နိုင်ရေးနဲ့ ဒီလပိုင်းထဲမှာ ထုတ်ပြန်ပေးမယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ စီးပွားရေး မူဝါဒပဲ ဖြစ်ပါတယ်။ကျောက်မျက် အချောထည် တင်ပို့နိုင်ရေးကျောက်မျက်ရဲ့ ဂုဏ်သတ္တိနဲ့ တန်ဖိုးဟာ ရှားပါးခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင် ကျောက်စိမ်းကို အိမ်နီးချင်း တရုတ်နိုင်ငံအတွက် ပေါပေါလောလောကို တရားဝင်ရော တရားမဝင်ပါ ထုတ်နေပါတယ်။ ဒါ့အပြင် တန်ဖိုးရှိ ပတ္တမြားလို ကျောက်မျက်တွေ၊ တန်ဖိုးမြင့် ကျောက်မျက်တွေကိုလည်း ပေါပေါလောလော ထုတ်ချင်သလို စည်းလွတ်ဝါးလွတ် တရားမဝင် ထုတ်နေပါတယ်။ ပိုပြီးဆိုးတာက ထုတ်ထားတဲ့ ကျောက်မျက်ကို အရိုင်းအတိုင်းပဲ တင်ပို့နေပြီး အချောထည်ဆိုတဲ့ အနေအထားကို မလုပ်နိုင်သေးတာပဲ ဖြစ်ပါတယ်။“ကျွန်တော်တို့ တိုင်းပြည်မှာ export ဆိုတာထက် ကျောက်မျက်ကဏ္ဍကို ကြည့်မယ်ဆိုရင် supply chain ကို ကြည့်မယ်ဆိုရင် နံပါတ် (၁) ကျောက်မျက်အရိုင်း ထုတ်တယ်။ ပြီးတော့ အရိုင်းတွေထုတ်ပြီး ပြပွဲမှာ option လုပ်ပြီး ရောင်းတယ်။ အရိုင်း အတိုင်းပဲ ရောင်းတယ်။ အဲဒီလို ရောင်းတော့ တိုင်းပြည်ကတော့ ပိုက်ဆံ ရသွားတယ်။ ဒါပေမဲ့ ပုဂ္ဂလိက ကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီး လုပ်ပေးနိုင်တဲ့ value added လုပ်ပေးနိုင်တဲ့ producure တွေ မရှိဘူး။ value added ဆိုတာ ကျောက်မျက် အရိုင်းတွေ ထုတ်ပြီးသွေးတယ်။ သွေးတာရော ချောတာရော။ အခု နောက်ပိုင်းမှာ နိုင်ငံခြား တိုင်းပြည်တွေမှာဆို Heat treated လုပ်ပြီး ကျောက်မျက် အချောထည်ဖြစ်အောင် လုပ်တယ်။ ကျောက်မျက် ရတနာ အချောကို လက်ဝတ် ရတနာတွေနဲ့ တန်ဆာဆင်ရဦးမယ်။ အဲဒီ ကျောက်မျက် အချောထည်တွေရော လက်ဝတ် ရတနာတွေရော နိုင်ငံတကာ ဈေးကွက်ထဲကို Made in Myanmar ဆိုပြီး ကိုယ်က ရောင်းလို့ရတဲ့ အနေအထား ရှိလျက်သားနဲ့ အဲဒီ အလယ် တစ်ပိုင်းလုံးကို လုံးဝဖြတ်ထားတယ်” လို့ ရွှေနန်းတော် စိန်ရွှေရတနာ လုပ်ငန်းစုက စီအီးအို ဒေါက်တာ အောင်ကျော်ဝင်းက ဆိုပါတယ်။အစိုးရ အဆက်ဆက်မှာ မြန်မာ့ ကျောက်မျက် ကဏ္ဍအတွက် မူဝါဒ ချမှတ်မှု မရှိတဲ့အပြင် အငမ်းမရ တူးဖော်မှုတွေနဲ့ပဲ ကြုံခဲ့တာပါ။ လက်ရှိ အခြေအနေမှာတော့ ဒီလို တရားမဝင်နဲ့ အလွန်အကျွံ ထုတ်လုပ်နေမှုတွေ ရပ်ဆိုင်းသင့်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်ရဲ့ ကျောက်စိမ်း တူးဖော်မှုတွေ ဆိုရင်လည်း အရည်အသွေး ပြည့်မီပြီး အရွယ်အစား ကြီးမားတဲ့ အဖိုးတန် ကျောက်တွေကို နိုင်ငံတော်ကို မအပ်တဲ့ အခြေအနေနဲ့လည်း ကြုံနေရပါတယ်။ ဒီလို နိုင်ငံတော်ကို မအပ်တဲ့ ကျောက်စိမ်းတွေဟာ မှောင်ခို လမ်းကြောင်းကနေ ပြည်ပကို ထွက်သွားမယ်ဆိုတာ ယုံမှားသံသယ ရှိစရာလိုမယ် မထင်ပါဘူး။“သတ္တုတွင်း ဌာနရဲ့ သဘော တူညီချက်အရ ကျောက်စိမ်း လုပ်ကွက်တွေမှာ ရွှေမထုတ်ရဘူး။ ကျောက်စိမ်းတူးပြီး မြေစာတွေကို ရေဖျော်ပြီး ရွှေရှာတယ်။ ပြည်ထောင်စု အစိုးရကို ကုမ္ပဏီနာမည် အတိအကျနဲ့ တင်ပြတယ်။ ဘာမှအရေးယူတာ မတွေ့ဘူး။ လွန်ခဲ့တဲ့ လပိုင်းကလည်း အဖိုးတန် ကျောက်စိမ်း ၁၀ တန်အထက် အရည်အသွေးရှိတဲ့ ကျောက်စိမ်းကို ဓာတ်ပုံနဲ့လာ အကြောင်းကြားတယ်။ အစိုးရကိုလည်း မအပ်ဘူး။ အစိုးရကို အပ်တဲ့ စာရင်းကိုကြည့်ရင် ကျောက်စိမ်းက C အဆင့်နဲ့ D အဆင့်တွေကိုပဲ အပ်တာတွေ့တယ်။ အရည်အသွေး ရှိတဲ့ ကျောက်စိမ်း A၊ B အဆင့် အရည်ကောင်းပြီး အရွယ်ကြီးတာတွေ အပ်တာတွေ မရှိကြဘူး။ ပြည်ထောင်စု အစိုးရကို အကြောင်းကြားတော့လည်း အရေးယူမှု မရှိသေးဘူး။ ပြန်လည်း မရတော့ဘူး။ စနစ်တကျ စာရင်း မစစ်နိုင်ရင် အုပ်လိုက်ဖွဲ့ပြီး လုပ်နေကြတာ ရှိနေမှာပဲ။ အကုန်လုံးကို ပြန်လည် စိစစ်သင့်ပါတယ်။ အစိုးရကို အပ်နေကြတဲ့ C နဲ့ D အဆင့်ဆိုတာ ဘာမှမကောင်းတဲ့ ကျောက်ပါ။ ဖားကန့်ဒေသ ကျောက်စိမ်းတွင်းတွေရဲ့ လုပ်ငန်း အခြေအနေတွေကို ကြည့်ရင် အရင်အစိုးရ အတိုင်းပဲ ရှိနေပါသေးတယ်။ ဘာမှမပြောင်းလဲဘူး” လို့ ပြည်နယ် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောပါတယ်။လက်ရှိအချိန်မှာ အစိုးရသစ် အနေနဲ့ အရင် အစိုးရတွေတုန်း ကလိုပဲ ဖားကန့်ကို ဖြစ်ချင်ရာဖြစ် ပစ်ထားမယ်။ သယံဇာတတွေ ထုတ်ချင်သလိုထုတ် လှည့်မကြည့်ဘူး လုပ်နေမယ် ဆိုရင်တော့ မြန်မာ့သယံဇာတတွေဟာ အပြောင်ရှင်းခံရတဲ့ အပြင် သဘာ၀ ပတ်ဝန်းကျင်ပါ ယိုယွင်းပြီး ဘယ်လိုမှ ထိန်းသိမ်းလို့ မရတော့တဲ့ အခြေအနေဆိုး တစ်ခုကို ပိုင်ဆိုင်သွားတော့မှာပဲ ဖြစ်ပါတယ်။စောင့်ကြည့်ရမယ့် စီးပွားရေး မူဝါဒအစိုးရသစ် လက်ထက် မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒ (Economic Policy) ကို ဒီလအတွင်း ထုတ်ပြန်သွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။မြန်မာနိုင်ငံမှာဆိုရင် လုပ်ကိုင်နိုင်စွမ်း ရှိပြီး စွမ်းဆောင်ရည်ရှိတဲ့ လုပ်ငန်းရှင် များစွာ ရှိနေတဲ့အပြင် သဘာ၀ အရင်းအမြစ်တွေ ပေါများပေမယ့် မတိုးတက်ဘဲ ဖြစ်နေတာဟာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ပြီး စီးပွားရေး လုပ်ကိုင်ခွင့်ပေးတဲ့ အတွက်ကြောင့် ဖြစ်နေတာလို့ ဦးကျော်ဝင်းရဲ့ ပြောစကားနဲ့အတူ နိုင်ငံသား အားလုံးကို မျှတစွာ လုပ်ကိုင်ခွင့်ပေးမယ်လို့ ဦးကျော်ဝင်းက ပြောကြားခဲ့တာကြောင့် လက်ရှိ အစိုးရသစ်က ချပြတော့မယ့် စီးပွားရေး မူဝါဒ အသစ်ကို လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေက မျှော်လင့်ချက် ကြီးစွာနဲ့ စောင့်ကြည့်နေတာ တွေ့နေရပါတယ်။“ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြောင်းလဲ တိုးတက်အောင် လုပ်မယ်ဆိုရင် မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသား အားလုံး မိမိတို့ စွမ်းရည်အရ၊ မိမိတို့ရဲ့ ဘဏ္ဍာအရ၊ မိမိတို့ရဲ့ ကျွမ်းကျင်မှုအရ နည်းပညာအရ ဘယ်လို စီးပွားရေးမျိုးကိုမဆို လုပ်ကိုင်ခွင့် ရှိစေရမယ်လို့ ကျွန်တော်တို့ မှန်းပါတယ်။ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ရှိနေတဲ့ မည်သူမဆို နိုင်ငံသားအားလုံး မိမိတို့ လုပ်ချင်တဲ့ အလုပ် လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ အခွင့်အလမ်း မပေးပါဘူး။ oppotunity ဆိုတဲ့ အခွင့်အရေးပဲ ရှိတယ်။ change ဆိုတဲ့ အခွင့်အလမ်း မပေးပါဘူး။ နိုင်ငံသား အားလုံးမှာ မျှတစွာနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရေးအခင်းကို ကျော်လွှားနိုင်စေရမယ်” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။လက်ရှိအစိုးရသစ် လက်ထက် စီးပွားရေး မူဝါဒနဲ့ ပတ်သက်ရင် ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ အကြမ်းဖျင်း အနေနဲ့ ချပြထားတာ ရှိနေပါတယ်။ ဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်းက စီးပွားရေး မူဝါဒတွေ ဖြစ်တဲ့ အခွန်တိုးမြှင့် ရရှိရေး၊ အခွန်တိမ်းရှောင်မှုတွေကို တိုက်ဖျက်ရေး၊ အဂတိ လိုက်စားမှုနဲ့ အကျင့်ပျက် ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်မယ်ဆိုတဲ့ အချက်တွေသာ အမှန်တကယ် လုပ်ဆောင်နိုင်မယ်ဆိုရင် ဦးကျော်ဝင်း ပြောထားတဲ့ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေ ပပျောက်မယ်ဆိုရင် နိုင်ငံသားတိုင်း ညီတူမျှတူ ယှဉ်ပြိုင် လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး ရလာမယ်ဆိုရင် ရက် ၁၀၀ အတွင်းမှာ စီးပွားရေး ဆွဲမတင်နိုင်ရင်တောင်မှ အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်လာမယ့် စီးပွားရေး မူဝါဒတွေ ချမှတ်ပြီးသား ဖြစ်လာပြီး အချိန်တိုအတွင်း ဖွံ့ဖြိုးမှုတွေ ရလာနိုင်မယ်လို့ ယူဆပါတယ် ဆိုတာကို တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent