၂၀၁၆ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၁ ဒသမ ၉ သန်း ဝင်ရောက်ပြီး ယခင်နှစ် ကာလတူထက် တစ်ရာခိုင်နှုန်းခန့်သာ တိုးမြင့် ဝင်ရောက်

၂၀၁၆ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၁ ဒသမ ၉ သန်း ဝင်ရောက်ပြီး ယခင်နှစ် ကာလတူထက် တစ်ရာခိုင်နှုန်းခန့်သာ တိုးမြင့် ဝင်ရောက်
Published 18 June 2016
မြတ်စုနိုင်

၂၀၁၆ ခုနှစ် မေလကုန်ထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၁ ဒသမ ၉ သန်း ဝင်ရောက်ထားပြီး ရာခိုင်နှုန်းဖြင့် ကြည့်ပါက ယခင်နှစ် ကာလတူထက် တစ်ရာခိုင်နှုန်းခန့်သာ တိုးမြှင့် ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လူဦးရေ အဝင်စာရင်းများအရ သိရသည်။ယခင် ၂၀၁၅ ခုနှစ် ကာလတူတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှာ ၁ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့သောကြောင့် ရာခိုင်နှုန်း အနေဖြင့် တစ်ရာခိုင်နှုန်းသာ ပိုများကြောင်း သိရသည်။“၂၀၁၆ ခုနှစ် မေလပိုင်းကုန်အထိက နိုင်ငံခြားသား ခရီးသွား ၁ ဒသမ ၉ သန်း ဝင်ရောက်ထားပါတယ်။ အရင်နှစ် ကာလတူနဲ့ ဆိုရင် တစ်ရာခိုင်နှုန်းလောက်ပဲ ပိုပြီး ဝင်ရောက်ထားပါတယ်။ အဝင်များတာက နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ကနေ ပိုပြီး အဝင်များပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ် ငါးလအတွင်း နိုင်ငံခြား ခရီးသွားများ အနေဖြင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်မှ တစ်ဆင့် လာရောက်လည်ပတ်မှုမှာ ၁ ဒသမ ၃ သန်းရှိကာ လေကြောင်း၊ ရေကြောင်းမှ တစ်ဆင့် လာရောက် လည်ပတ်မှုမှာ ၀ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။လေကြောင်း၊ ရေကြောင်းမှ တစ်ဆင့် လာရောက် လည်ပတ်မှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်းခန့် တိုးမြင့် ဝင်ရောက်ထားကြောင်း၊ နယ်စပ်ဝင်ပေါက် ထွက်ပေါက်မှ လာရောက်လည်ပတ်မှုမှာ လူဦးရေအဝင် စာရင်းများအရ အနည်းငယ် လျော့နည်းနေကြောင်း သိရသည်။ထို့ပြင် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် ကိုယ်တိုင် မောင်းနှင်၍ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များဖြင့်လည်း အွန်လိုင်းမှ ချိတ်ဆက်၍ လာရောက်လည်ပတ်မှုမှာ ပိုမို တိုးတက်လာလျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု စာရင်းတွင်လည်း ထိုင်းလူမျိုးတို့က အများဆုံး ထိပ်ဆုံးမှ ဝင်ရောက်လျက် ရှိပြီး တရုတ်နှင့် ဂျပန်လူမျိုးတို့မှာ ဒုတိယ အများဆုံး ဝင်ရောက်ထားကြောင်း လူဦးရေ အဝင်စာရင်းများ အရ သိရသည်။လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ကမ္ဘာလှည့် ခရီးသွား ဦးရေမှာ ခုနစ်သန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး စင်ကာပူနိုင်ငံ အခြေစိုက် ခရီးသွားလုပ်ငန်း မဂ္ဂဇင်း TTG Travel Trade Publishing က ရွေးချယ်သည့် ၂၀၁၅ ခုနှစ် အကောင်းဆုံး ခရီးစဉ် ဒေသဆုကို မြန်မာနိုင်ငံမှ ရရှိထားကြောင်းလည်း သိရသည်။ထို့ပြင် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (WTTC) မှလည်း ကမ္ဘာတွင် စီးပွားရေး လုပ်ငန်းများ တည်ငြိမ်မှု မရှိဘဲ ကမ္ဘာ့စီးပွားရေး ကျဆင်းနေသော်လည်း လက်ရှိ ၂၀၁၆ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဆက်လက် အားကောင်းနေဦးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။လက်ရှိတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကျဆင်းနေခြင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပြီး Transportation စရိတ်ကို လျှော့ချနိုင်ခြင်းကြောင့် ခရီးသွား လုပ်ငန်းအတွက် ထိရောက်သော အကျိုးကျေးဇူးများ ရရှိလာမည်ဟု WTTC မှ သုံးသပ် ပြောကြားထားသည်။

Most Read

Most Recent