လျှပ်စစ်ဓာတ်နှင့် မိုးရေ

လျှပ်စစ်ဓာတ်နှင့် မိုးရေ
Published 7 June 2016
တက္ကသိုလ်မိုးဝါ

မိုးရေ သို့မဟုတ် ရေသည် လျှပ်စစ်ဓာတ်နှင့် လုံးဝမတည့်ပါ။ နာဖျား၍ မကျန်းမာသော လူအချို့သည် ပဋိဇီဝဆေး စသော ဆေးအချို့နှင့် မတည့်ခြင်းမျိုးနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ ဆေးနှင့်မတည့်၍ သောက်သုံးမိသူ အဖို့ ရှော့ခ် (Shock) ရပြီး အသက်ဆုံးရှုံး သွားနိုင်သလို မိုးရေသည် လျှပ်စစ်ဓာတ်နှင့် ထိတွေ့သောအခါ ယင်းမှတစ်ဆင့် လူက ထိတွေ့မိပါက နှလုံးရှော့ခ်ရကာ ရပ်တန့်ပြီး သေဆုံးသွားနိုင်သည်။ ယင်းသည်ကလည်း မိုးရေ သို့မဟုတ် ရေ၏ ဂုဏ်သတ္တိ တစ်ခုဖြစ်သော လျှပ်စစ် ဓာတ်ကူးပစ္စည်း (Electrical Conductor) ကောင်း တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ လျှပ်ကူးပစ္စည်း အများအပြားရှိသည့် အနက် သံ၊ သံမဏိ၊ ကြေးနီ၊ အလူမီနီယမ် စသော ပစ္စည်းများမှာ လျှပ်စစ် စီးကူးလွယ်သည့် ပစ္စည်းဖြစ်သည်။ ရော်ဘာ၊ သားရေ၊ စက္ကူ၊ သစ်သား၊ ကြွေ စသည်တို့မှာ လျှပ်မကူးနိုင်သော လျှပ်တားပစ္စည်း (Insulator) များ ဖြစ်သည်။လူ၏ ကိုယ်ခန္ဓာထဲသို့ လျှပ်စီး ဖြတ်စီးသွားသောအခါ ရေစိုနေခြင်းနှင့် ရေမစိုဘဲ ရှိနေခြင်း အခြေအနေ နှစ်မျိုးတွင်ပင်လျှင် စီးသည့် လျှပ်စီးပမာဏ မတူနိုင်ချေ။ လျှပ်စစ် ဓာတ်လိုက်သော အမှုကိစ္စ အတော်များများတွင် လူကလက်ဖြင့် ကိုင်တွယ်မိခြင်းကြောင့် ဖြစ်သည်။ လက်ဖြင့် ဓာတ်လိုက်နိုင်သည့် နေရာကို ကိုင်တွယ်မိသော် လျှပ်စီးသည် လက်မှ နှလုံးသို့ဖြတ်ကာ နှလုံးမှ ခြေထောက်၊ ထိုမှတစ်ဆင့် မြေကြီးထဲသို့ စီးဝင်သည်။ လူ၏ နှလုံးထဲသို့ လျှပ်စီး ဖြတ်စီးဝင်ပြီဆိုမှဖြင့် နှလုံးရပ်တန့်၍ သေဆုံးရန် ရာခိုင်နှုန်းပြည့် သေချာသည်။ ဤနေရာတွင် မည်သည့် အတွက်ကြောင့် လျှပ်စီးသည် မြေကြီးထဲသို့ အဆုံးသတ် စီးဝင်သွားသနည်းဟု မေးရန်ရှိသည်။လျှပ်စီး စီးနိုင်ရန်အတွက် လမ်းကြောင်းသည် ပြည့်စုံရန် လိုသည်။ တစ်နည်းအားဖြင့် ပတ်လမ်းပိတ် (Closed Circuit) ဖြစ်ရမည်။ မူလ ထုတ်လုပ်သည့် စက်ရုံရှိ လျှပ်ထုတ်စက်မှာ တြိသွင် (3 phase) ဖြင့် လိုင်းပေါ်သို့ ဓာတ်အား ပို့လွှတ်သဖြင့် ပုံသဏ္ဌာန် ဆက်နည်း၊ သို့မဟုတ် စတားဆက်နည်း (Star Connection) ဖြစ်ပါက ဗဟိုချက်မှ ထွက်သော နျူထရယ်လ်ကြိုး (Neutral Wire) ကို မြေစိုက်ထားလေ့ ရှိသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် လူ၏လက်မှ လျှပ်စီး စီးဝင်သောအခါ ခြေထောက် အောက်ပိုင်းမှ တစ်ဆင့် မြေကြီးထဲသို့စီးပြီး မြေကြီးတစ်လျှောက် ဓာတ်အားရုံရှိ လျှပ်ထုတ်စက်ဆီသို့ စီးဝင်သွားသောကြောင့် ပြည့်စုံသည့် ပတ်လမ်းပိတ်တစ်ခု ဖြစ်သွားသည်။ ပတ်လမ်း ပြည့်စုံမှု ရှိသောကြောင့် လူသည် မြေကြီးနှင့် ထိတွေ့နေတိုင်း ဓာတ်လိုက်ခြင်း အလွယ်တကူ ဖြစ်စေခြင်း ဖြစ်သည်။ဤနှစ်ထဲ ဓာတ်လိုက် သေဆုံးမှု ဖြစ်စဉ်များအား ကြည့်လျှင် မိုးရာသီ အစဖြစ်သည့် မေလဆန်းမှစ၍ ဓာတ်ကြိုးပြတ်ကျခြင်း၊ လျှပ်စီး စီးဝင်နေသော ဓာတ်တိုင်နှင့် ထိတွေ့ ကိုင်မိခြင်း စသည်တို့ကြောင့် လူ့အသက်များ ဆုံးရှုံးခဲ့ကြရသည်ကို တွေ့ရ၏။ မေလ၌ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် အိမ်နံဘေး ခြံဝင်းလွတ်အတွင်း မောင်နှမ လေးဦး ဆော့ကစား နေရာမှ သွယ်တန်းထားသော ဓာတ်ကြိုးနှင့် ထိနေသည့် ခြံစည်းရိုး သွပ်ကြိုးနှင့် ထိမိပြီး အသက်ဆုံးရှုံးခဲ့ကြရသည်။ မေလ၌ပင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်ချုပ်လမ်းရှိ ရထားဘူတာရုံပေါက် အနီးရှိ လျှပ်စစ် ဓာတ်ဝင်နေသည့် ဓာတ်တိုင်အနား ရေအိုင်မှ လမ်းဖြတ်လျှောက်သူ တစ်ဦးလဲကျ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားရာ၌ လူတစ်ရပ်စာပင် မရှိသည့် အမြင့်နေရာတွင် မီတာပုံးကို တပ်ဆင်ထားခြင်းမှာ သူတို့၏ အမှားဖြစ်ကြောင်း ဝန်ခံသွားသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ အရည်အသွေး မမီသည့် မီတာပုံး အတွင်းမှ အပြစ်တစ်စုံတစ်ရာကြောင့် ဓာတ်တိုင်သို့ လျှပ်စီး စီးဝင်ခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် ဆရာဝန်၏ စစ်ဆေးချက်အရ သေဆုံးသည့် လူငယ်တွင် ဓာတ်လိုက်သည့် လောင်ကျွမ်းဒဏ်ရာ လက္ခဏာမျိုး မတွေ့ရှိရဟု သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။လှိုင်မြို့နယ်တွင် အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦး ရပ်ကွက်တွင်းရှိ သံလမ်းပေါ် ဖြတ်လျှောက်စဉ် မြောင်းထဲသို့ ခြေချော်ကျရာမှ အပေါ်သို့ ပြန်တက်ရန် အနီးရှိ ဓာတ်တိုင်အား ဖမ်းကိုင်လိုက်စဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်စဉ်မှာ ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အခင်းဖြစ်ပွားခဲ့သည့်နေရာ အနီးရှိ ဓာတ်တိုင်များ၌ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများမှာ ရှင်းမရအောင်၊ မြင်မကောင်းအောင်ပင် ရှုပ်ထွေးနေကာ မကြာခဏလည်း လျှပ်စစ်ရှော့ထ် ဖြစ်လေ့ ရှိသည်ဟု ယင်းနေရာ အနီးအနား နေထိုင်သူများက ဆိုသည်။မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ရန်ကုန်တိုင်း လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် “လျှပ်စစ်နဲ့ ပတ်သက်ပြီး လူထုအနေနဲ့ နွေလဲနွေမို့၊ မိုးလဲမိုးမို့ ဆိုသလို အန္တရာယ်တွေဟာ အမြဲ ရှိနေတတ်ပါတယ်။ ရေလျှံနေတဲ့ လမ်းပေါ်မှာ မဖြစ်မနေ လမ်းလျှောက်နေရင်း ကံမကောင်းရင် မြောင်းထဲပြုတ်ကျနိုင်သလို ခေါင်းပေါ်က လျှပ်စစ် ကြိုးပြတ်ကျပြီး အချိန်မရွေး အလွယ်အကူ ဓာတ်လိုက် အသက်ဆုံးရှုံး နိုင်ပါတယ်။ အခုလို လူထုရဲ့ ဘ၀ မလုံခြုံခြင်းဟာ နိုင်ငံနဲ့ နိုင်ငံ့အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ဓာတ်ကြိုးဓာတ်တိုင်များ ဟောင်းနွမ်းပြီး ရှုပ်ထွေးလျက် ရှိပါတယ်” စသဖြင့် ပြောကြားခဲ့သည်။ ယင်းကို ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် (ဗိသုကာ၊ ရန်ကုန်စက်မှု တက္ကသိုလ်) ၏ ပြောကြားချက်တွင် “လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးကို ဘတ်ဂျက် လျာထားမှုအပေါ် မူတည် ဆောင်ရွက်ပေးမည်။ မြို့နယ်အသီးသီးရှိ ဓာတ်အား ဖြန့်ဖြူးပေးသော ၃၃ ကေဗွီ ကောင်းကင်လိုင်းများ၊ ၁၁ ကေဗွီ ကောင်းကင်လိုင်းများကို လျှပ်တားပစ္စည်း မပါသည့် ACSR ကြိုးများဖြင့် ဖြန့်ဖြူးပေးနေကြောင်း၊ ၄၀၀ ဗို့လိုင်းကိုလည်း ထိုနည်းအတိုင်း ဖြန့်ဖြူးပေးနေကြောင်း” ဟု ပြန်လည် ဖြေကြားသည်။လျှပ်စစ်ဝန်ကြီး ပြောကြားခဲ့သော ACSR လျှပ်စစ်ကြိုး ဆိုသည်မှာ Aluminium Cable Steel Reinforced ဖြစ်သည်။ ရှေးယခင် အလူမီနီယမ် သတ္တုကို အသုံးမပြုသေးမီ ကာလက ကြေးနီကြိုးကိုသာ သုံးခဲ့သည်။ ကြေးနီ၏  ဂုဏ်သတ္တိသည် လျှပ်စစ်ကောင်းစွာ စီးနိုင်ခြင်း၊ စက်မှုဆိုင်ရာ ခိုင်ခံ့ခြင်း၊ ဆွဲဆန့်ခံနိုင်အား (Tensile Strength) မြင့်မားခြင်းတို့ ဖြစ်ရုံမျှမက အလွန်တရာလည်း ဈေးကြီးသည်။ ကြေးနီ၏ ခိုင်ခံ့မှုနှင့် ဆွဲဆန့်ခံနိုင်အား  ထက်များစွာ နိမ့်ကျသော အလူမီနီယမ် သတ္တုကို သုံးသောအခါ ပိုမိုခိုင်ခံ့စေရန် သံမဏိ ကြိုးသေး တစ်ချောင်းဖြင့် တွဲစပ် ပံ့ပိုးပေးထားရခြင်း ဖြစ်သည်။ဘဏ္ဍာငွေ မလုံလောက်မှု အခက်အခဲကြောင့် အဆိုပါ အလူမီနီယမ် ကြိုးကို လုံးပတ် ကြီးကြီး ဝယ်ယူကာ ထိုကြိုးကို လိုအပ်သလို အသုံးပြုရန်အတွက် နှစ်ချောင်းခွဲထုတ်ပြီး ပြန်လည် ကျစ်ယူသည့် ဖြစ်စဉ်လည်း ရှိသည်ဟု လုပ်ငန်းဆိုင်ရာ အတွင်းကျကျ သိရှိသူ တစ်ဦး ပြောခဲ့သည်ကို မှတ်သားဖူး၏။ ယင်းသို့ ပြုလုပ်ခြင်းကြောင့် အလူမီနီယမ် ကြိုးအတွက် အားဖြည့် ပံ့ပိုးထားသည့် သံမဏိကြိုး မပါရှိတော့သဖြင့် တာရှည်ခံရန် မဖြစ်နိုင်တော့သော အခြေသို့ ရောက်ရှိသွားသည်။ အလူမီနီယမ် ကေဘယ်လ်များ တာရှည်မခံဘဲ ပြတ်ကျသည်မှာလည်း အထူးအဆန်း မဟုတ်တော့ဟု ဝေဖန် သုံးသပ်စရာ ဖြစ်လာသည်။ဓာတ်တိုင် အများအပြားပေါ်၌ လျှပ်စစ်ကြိုးများ မြင်မကောင်းအောင် ရှုပ်ထွေးမှု ဖြစ်နေခြင်းသည်လည်း တရားဝင် သွယ်တန်းခြင်း အပါအဝင် တရားမဝင် သွယ်တန်းခြင်းများလည်း ပါဝင်နိုင်သည်။ ယင်းကိစ္စကို ရှင်းလင်းရန်မှာ ထင်သလောက် လွယ်ကူသော သေးငယ်သည့် လုပ်ငန်းမဟုတ်။ အလွန်တရာ ကျယ်ပြန့်သည်။ စာရေးသူ နေထိုင်ရာအနီး အင်းစိန်လမ်းမဘေးရှိ တိုက်အမြင့် တစ်လုံးတွင် ထရန်စဖော်မာကို လူတစ်ရပ်ကျော်ကျော် အမြင့် လူသွားလမ်းဘေး၌ ကပ်၍ တပ်ဆင်ထားမှုသည်လည်း မဖြစ်သင့်သော အန္တရာယ်ကို ဖိတ်ခေါ်နေသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်နေသည်။ ထိုသို့သော ထရန်စဖော်မာများ အောက်တည့်တည့်တွင်လည်း အစားအသောက် ဈေးဆိုင်များ ခင်းကျင်းကာ ရောင်းချနေကြသေးသည်။ချုပ်ရသော် လျှပ်စစ်နှင့်မိုးရေ လုံးဝမတည့်သောကြောင့် အစဉ်သတိပြုပြီး လျှပ်စစ်ကို အသုံးချရန် လိုသည်။ လျှပ်စစ်ကို နားလည် ကိုင်တွယ်တတ်သူ အဖို့တော့ လျှပ်စစ်သည် ထာဝရ မိတ်ဆွေကောင်း ဖြစ်သကဲ့သို့ လူသားတို့၏ လူမှုဘ၀ မြှင့်တင်ရေး အတွက်လည်း ထာဝရ တွန်းအားတစ်ရပ် ဖြစ်နေလေသည်။