ကျူး (သို့မဟုတ်) တိုင်းပြည် ဆင်းရဲ မွဲတေမှုရဲ့ ပြယုဂ်

ကျူး (သို့မဟုတ်) တိုင်းပြည် ဆင်းရဲ မွဲတေမှုရဲ့ ပြယုဂ်
Published 5 June 2016
ဆန်းမိုးထွန်း

ယေဘုယျအားဖြင့် ပိုင်ဆိုင်မှု အတည်တကျ မရှိဘဲ ကြုံသလို ဝင်ရောက် နေထိုင်တဲ့ သူတွေကို ကျူးလို့ ခေါ်ကြပါတယ်။ ကျူးလို့ ပြောလိုက်တာနဲ့ လမ်းတွေပေါ်မှာ မြေစိုက်တဲလေးတွေ ဆောက်ပြီး နေထိုင်ကြတဲ့ သူတွေကို မျက်စိထဲ မြင်ကြမှာပါ။ဒါက ကျူးတွေရဲ့ ထင်ရှားတဲ့ အမှတ်အသား တစ်ခုလို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ဒီလို အနေအထားမျိုးက ကျူးကျော် နေထိုင်သူတွေ အားလုံးတော့ မဟုတ်ပါဘူး။ တချို့ ကျူးကျော်လို့ ဆိုကြပေမယ့် အိမ်ကြီးရခိုင် ဆောက်ပြီး နေကြသူတွေလည်း ရှိနေပါတယ်။ ကျူးမှာလည်း တကယ့် ကျူးအစစ်နဲ့ ကျူးအတု ဆိုပြီး နှစ်မျိုး နှစ်စား ရှိတယ်လို့ ကျူးပြဿနာ  လေ့လာသူတွေ ထံမှ သိရပါတယ်။ကျူး အစစ်တွေက တကယ် နေစရာ မရှိတဲ့ အတွက် ကြုံတဲ့ နေရာမှာ ဖြစ်သလို တဲထိုးပြီး နေကြပေမယ့် ကျူးအတုတွေကတော့ ကျူးအဖြစ် အသွင်ဆောင်ပြီး စီးပွားဖြစ် လုပ်ကိုင် စားနေကြတာကိုလည်း တွေ့ရပါတယ်။ကျူးဆိုတာ ဒီဘက်ခေတ်မှာမှ ရှိလာတာ မဟုတ်ပါဘူး။ ဟိုးအရင်ထဲက မြန်မာနိုင်ငံမှာ ကျူးဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် ကျူး အရေအတွက်လောက် မများခဲ့တဲ့ အတွက် ကျူးကိစ္စက အသံ ကြီးကြီးမားမား မထွက်ခဲ့တာပါ။ ဒီဘက်ခေတ်မှာတော့ ကျူးအရေအတွက်ဟာ များပြားလာတဲ့ အတွက် ကျူးကိစ္စဟာ အစိုးရက မဖြစ်မနေ ဖြေရှင်းပေးရမယ့် ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ 
■ ကျူးသမိုင်း၁၉၅၈ ခုနှစ်တုန်းကတော့ မြို့သစ်တွေ တည်ဆောက်ပြီး ကျူးကျော်တွေကို ရှင်းခဲ့ပါတယ်။ ဆိုရှယ်လစ် ခေတ်မှာလည်း အဲဒီလိုပဲ ရှင်းခဲ့တာပါ။ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်မှာတော့ တဲပေါ်ကနေ တိုက်ပေါ်တင် စီမံချက်နဲ့ ဖြေရှင်းခဲ့တာတွေ လုပ်ခဲ့တဲ့အတွက် ကျူးကျော် အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို တဲပေါ်ကနေ တိုက်ပေါ် တင်နိုင်ခဲ့ပါတယ်။၁၉၈၆ ခုနှစ်ကစပြီး ရန်ကုန်မြို့တွင်းနဲ့  မြို့နယ် အချို့ရှိ ကျူးကျော် နေထိုင်သူတွေကို လှိုင်သာယာ မြို့နယ်မှာ နိုင်ငံတော်ကနေ ပေ (၂၀ × ၆၀)၊ မြေဂရန် ပိုင်ဆိုင်မှုနှင့် နေရာ ချပေးခဲ့ပါတယ်။ အဲဒီ အချိန်က သွားလာရေး ခက်ခဲပြီး စီးပွားရေး အခွင့်အလမ်း နည်းပါးတဲ့ ရွံ့ဗွက်တောထဲက လှိုင်သာယာ မြေကွက် တစ်ကွက်ရဲ့ သွင်းကြေး တန်ဖိုးဟာ ကျပ် ၂၀၀၀ သာ ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြို့မှာ ၁၉၉၀ ပြည့်နှစ် အလွန်က ကျူးကျော် နေထိုင်တဲ့ အိမ်ခြေ ၉၀၀၀ ခန့်သာ ရှိခဲ့ပါတယ်။ ဒီစာရင်းဟာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၁၉ မြို့နယ် အတွင်း ကောက်ယူခဲ့တဲ့ စာရင်းတွေပါ။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် စတဲ့ မြို့နယ်တွေမှာ စာရင်းကောက်ယူ သုသေတန ပြုလုပ်ချက်တွေ အရ သိရတာ ဖြစ်ပါတယ်။ 
■ ကျူးပြဿနာအိမ်ခြံမြေ၊ တိုက်ခန်း ငှားရမ်းခတွေ မြင့်တက်လာသလို နယ်မြို့တွေမှာ စီးပွားရေး နိမ့်ကျမှုနဲ့ အလုပ်အကိုင် ရှားပါးလာတာကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြောင်းရွှေ့ အခြေချ နေထိုင်လာတဲ့ ကျူးကျော်သူတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ဒီလို အခြေချရာမှာ အမှန်တကယ် နေထိုင်ဖို့ အခက်အခဲ ရှိတဲ့ ကျူးကျော် နေထိုင်ရသူ အများအပြား ရှိသလို ကျူးကျော်တဲတွေ ထိုးပြီး ပြန်လည် အငှားချထားတာတို့၊ တန်ဖိုးသတ်မှတ် ရောင်းချတာတို့ အစရှိတဲ့ စီးပွားဖြစ် ကျူးတွေလည်း ရှိလာပါတယ်။ စီမံကိန်း လုပ်ငန်း လုပ်ကိုင်ဖို့ သတ်မှတ်ထားတဲ့ မြေနေရာတွေမှာ ဥပဒေမဲ့ အင်အား အလုံးအရင်းနဲ့ ကျူးကျော် နေထိုင်သူတွေလည်း ရှိလာတဲ့အတွက် အမှန်တကယ် ကျူးကျော် နေထိုင်သူတွေနဲ့ စီးပွားဖြစ် ကျူးကျော် သူတွေကို အတိအကျ ခွဲခြားနိုင်ဖို့ ဆိုတာ ခက်ခဲတာတော့ အမှန်ပါပဲ။ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူ ၂၇၀၀၀၀ ကျော် ရှိတဲ့အနက် ဧရာဝတီတိုင်း ဒေသကြီးကနေ လာရောက် ကျူးကျော် နေထိုင်သူ အများဆုံး ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။ရန်ကုန် အရှေ့ပိုင်းခရိုင် မြို့နယ်တွေ ဖြစ်တဲ့ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ကျူးကျော်နေထိုင်သူ ပေါင်း ၉၇၀၀၀ ကျော် ရှိပြီး ရန်ကုန် အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်တဲ့ ကြည့်မြင်တိုင်နဲ့ ဗဟန်းမြို့နယ်တွေမှာ ကျူးကျော်နေထိုင်သူ ၁၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်တွေ ဖြစ်တဲ့ တာမွေ၊ ဒလ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ သာကေတ မြို့နယ်တွေမှာ ကျူးကျော်နေထိုင်သူ စုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ရန်ကုန်မြောက်ပိုင်းခရိုင် မြို့နယ်တွေ ဖြစ်တဲ့ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တွေမှာ ကျူးကျော်နေထိုင်သူ စုစုပေါင်း ၁၄၀၀၀၀ ကျော် ရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ ရရှိတဲ့ စာရင်းတွေ အရ သိရပါတယ်။ဒီမြို့နယ်တွေထဲကမှ ကျူးကျော် နေထိုင်မှု အများဆုံးကတော့ လှိုင်သာယာမြို့နယ် ဖြစ်ပြီး စုစုပေါင်း ကျူးကျော် နေထိုင်သူ ၉၆၀၀၀ ကျော် ရှိနေပါတယ်။ ဒုတိယ အများဆုံးမြို့နယ် ဖြစ်တဲ့ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်မှာ စုစုပေါင်း ကျူးကျော် နေထိုင်သူ ၅၁၀၀၀ ကျော် ရှိနေပြီး တတိယ အများဆုံး ဖြစ်တဲ့ ရွှေပြည်သာ မြို့နယ်မှာ စုစုပေါင်း ကျူးကျော် နေထိုင်သူ ၂၀၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။အဲဒီ နောက်မှာတော့ မြောက်ဥက္ကလာပ မြို့နယ်မှာ ကျူးကျော်နေထိုင်သူ ၁၇၀၀၀ ကျော်၊ ဒလမြို့နယ်မှာ ကျူးကျော်နေထိုင်သူ ၁၄၀၀၀ ကျော်နဲ့ မင်္ဂလာ ဒုံမြို့နယ်မှာ ကျူးကျော် နေထိုင်သူ ၁၄၀၀၀ ကျော်တို့က အသီးသီး ရှိနေကြပါတယ်။ ကျူးကျော်နေထိုင်သူ အနည်းဆုံး မြို့နယ်က ကမာရွတ်မြို့နယ် ဖြစ်ပြီး စုစုပေါင်း ၉၈ ဦးသာ ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။ရန်ကုန်မြို့မှာ ကျူးကျော်အခြေချ နေထိုင်သူတွေ အနက် ဧရာဝတီတိုင်း ဒေသကြီးက အများဆုံး လာရောက် နေထိုင်ကြပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှာ ကျူးကျော် ပြောင်းရွှေ့လာသူ အများအပြား ရောက်ရှိလာတာ ဖြစ်ပါတယ်။“အဓိကယ,ကတော့ ဧရာဝတီတိုင်း ဒေသကြီးကပါ။ နာဂစ်မုန်တိုင်း အပြီးမှာ စီးပွားရေး အဆင်မပြေ၊ အခက်အခဲတွေနဲ့ ဒီဘက်ကို ရောက်လာပြီး ကျူးကျော်နေထိုင်ကြတယ်။ အဲဒီမှာ လှိုင်သာယာကလည်း နေရာကျယ်တော့ ကျူးကျော်တွေ အများဆုံး ဖြစ်နေတာပါ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ရန်ကုန်တိုင်း ဒေသကြီး နယ်နိမိတ် အဖြစ် စုစုပေါင်း ၄၅ မြို့နယ်ရှိပြီး ဒီစာရင်းဟာ ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်ရဲ့ စာရင်းသာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ စည်ပင်နယ်နိမိတ် ပြင်ပ ၁၂ မြို့နယ်မှာ ကျူးကျော်တွေ ထပ်ရှိနိုင်တဲ့ အတွက် ထပ်ပေါင်းလိုက်ရင် ကျူးကျော်နေထိုင်သူ စာရင်းဟာ စုစုပေါင်း ငါးသိန်း ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ရန်ကုန်မြို့ဆီ အခြေအနေ အမျိုးမျိုးကြောင့် ပြောင်းရွှေ့လာသူ ဦးရေ မြင့်တက်လာချိန်မှာ အိမ်ဈေးနှုန်းတွေ ကြီးမြင့်တာနဲ့ အမျှ ရထားသံလမ်း နံဘေး၊ မြစ်ချောင်း နံဘေး စတဲ့ နေရာတွေ၊ မြေလွတ်တွေမှာ ကျူးကျော် နေထိုင်သူတွေက အခြေချ နေထိုင်မှုတွေ များပြားလာပါတယ်။ 
■ လွှတ်တော်မှာ မေးခဲ့တယ်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “နိုင်ငံ တစ်ဝန်းရှိ အခြေအနေမဲ့ နေထိုင်သူ၊ ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ လျော့နည်း ပပျောက်လာအောင် နိုင်ငံတော်ကနေ ဆောင်ရွက်ပေးမယ့် အစီအမံနှင့် ပတ်သက်၍ သိလိုပါကြောင်း” ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။ဒီလို မေးမြန်းမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က “နိုင်ငံ တစ်ဝန်းရှိ အခြေမဲ့ နေထိုင်သူများနှင့် ကျူးကျော် နေထိုင်သူများ ပပျောက်စေရေးနှင့် ပတ်သက်၍ အိုးအိမ် ဦးစီးဌာနမှ မြို့ပြဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အဖြစ် အိမ်ရာများ၊ ကွက်သစ်များ၊ မြို့ကွက်သစ်များ၊ မြို့သစ်များ တည်ဆောက် နေရာ ချထားတဲ့ စီမံကိန်း၊ အဆင့်နိမ့် ရပ်ကွက်နှင့် မြို့များကို အဆင့်မြှင့်တင်သော စီမံကိန်း၊ မြို့ပြ ပြန်လည် ဖွံ့ဖြိုးရေး စီမံကိန်းများဖြင့် ဆောင်ရွက်ရာတွင် တဲအိမ်မှ တိုက်အိမ်၊ တိုက်တာအဆင့်မြင့် အိမ်ရာ ဆောက်လုပ်ခြင်း စနစ်များဖြင့် အိမ်ရာ စီမံကိန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် ဆောက်လုပ်မှု ကဏ္ဍနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ထားပါကြောင်း၊ ၎င်းတို့မှာ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒနှင့် အညီ ပြည်သူလူထု၏ အိမ်ရာ လိုအပ်ချက်များအရ ရန်ကုန်မြို့နှင့် မြို့ကြီးများတွင် အိမ်ရာ စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲပေးရန်၊ ရည်မှန်းချက်များ အနေဖြင့် ပြည်သူလူထု၏ နေထိုင်မှု အဆင့်အတန်း မြင့်မားစေပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေမည့် အိမ်ရာ စီမံကိန်း၊ စက်မှုဇုန် စီမံကိန်း၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းများကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်နှင့် နိုင်ငံတစ်ဝန်း မြို့ကြီးများနှင့် မြို့များတွင် မြို့ပြ လူဦးရေ တိုးတက်လာတာနှင့် အမျှအိမ်ရာနှင့် အခြေခံ အဆောက်အအုံများကို စနစ်တကျ ဖြည့်ဆည်းပေးနိုင်မည့် မြို့ပြဖွဲ့စည်းမှု၊ တည်ဆောက်မှုနှင့် မြို့ပြစီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များက မြို့ပြ စီမံကိန်းများ ရေးဆွဲရေးအတွက် တင်ပြလာပါက လိုအပ်သလို ကူညီဆောင်ရွက်ရန်၊ ရန်ကုန်မြို့တွင် ကျူးကျော်အိမ်ခြေ တစ်သိန်းခန့် အနက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် အိမ်ထောင်စု တစ်သောင်းကို သင့်လျော်သော အိမ်ရာများတွင် ပြန်လည် နေရာချထားရေး ဆောင်ရွက်ရန် အတွက်လည်း ထည့်သွင်း ရေးဆွဲခဲ့ပါကြောင်း၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဥပဒေ ရည်ရွယ်ချက်တွင်လည်း အခြေခံ လူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန် အခြေခံ လူတန်းစားများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် စသည်ဖြင့် ပြဋ္ဌာန်းထားကြောင်း၊ စမ်းသပ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း (Pilot Project) များဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် စီမံကိန်း ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်ဆဲဖြစ်သော နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံကိန်းများ အကောင်အထည် ဖော်မှုများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ဒေသအတွင်း ပြည်သူများ၏ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်စေရန် ဒေသန္တရ စီမံကိန်းများ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ အထူးစီမံကိန်းများ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက မြို့ရွာဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ် ဆောင်ရွက်ချက်များ အရ ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာနိုင်ပြီး နေထိုင်သူများရဲ့ ကျူးကျော် နေထိုင်သူများသည် ပပျောက်သွားမည် ဖြစ်ပါကြောင်း” ရှင်းလင်း ဖြေကြားခဲ့ဖူးပါတယ်။ 
■ ဘူဒိုဇာ အစိုးရ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း နိုင်ငံပိုင် မြေပေါ်ရှိ ကျူးကျော် နေထိုင်သူတွေကို ဖယ်ရှားရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ အစီအစဉ်နဲ့ အင်အားသုံး ဖြေရှင်းခဲ့တာကြောင့် ကျူးကျော် နေထိုင်သူတွေနဲ့ အာဏာပိုင်တွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီး နှစ်လခန့် အလိုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေရဲ့ အမိန့်နဲ့ ရန်ကုန်မြို့ရှိ ကျူးကျော် နေအိမ်တွေကို ဇန်နဝါရီ ၂၃ ရက်ကနေ စတင်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဇန်နဝါရီ ၂၆ ရက်က မင်္ဂလာဒုံ မြို့နယ်တွေမှာရှိတဲ့ ကျူးကျော် နေအိမ်တွေကို သက်ဆိုင်ရာကနေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့တာပါ။ဇန်နဝါရီ ၂၃ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃ အပိုင် ၇၃ ရပ်ကွက်၊ ယုဇနဥယျာဉ် မြို့တော်အနီး ပုဏ္ဏမီ လမ်းမကြီး နံဘေးရှိ ဘုရားလေးကွင်းမှာ လယ်မြေအခွန် ပြေစာနဲ့ နှစ် ၂၀ နီးပါး နေထိုင်ခဲ့တဲ့ တဲအိမ် ၁၀၀ ကျော်ကို စီမံကိန်း နယ်မြေအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်နေတယ်လို့ ဆိုပြီး ရဲအင်အား၊ လူအင်အား ၁၀၀၀ ကျော်နဲ့ သက်ဆိုင်ရာက ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။ နေအိမ် ဖျက်ဆီးခံရသူတွေက မိမိတို့ဟာ လယ်မြေ အခွန်ပြေစာနဲ့ နှစ် ၂၀ နီးပါး နေထိုင်လာကြသူတွေ ဖြစ်တယ်လို့ ပြောကြားကြပါတယ်။ဒီလိုပဲ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က နေထိုင်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုရှိ စံသမာဓိ ရပ်ကွက်၊ မြဲမြံအောင် စိုက်ပျိုးရေး မြေနေရာ၊ ရဲဇာနည် စိုက်ပျိုးရေး မြေနေရာတွေမှာ ရှိတဲ့ နေအိမ်တွေကို ကျူးကျော်လို့ ဆိုပြီး သက်ဆိုင်ရာကနေ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က ဘက်ဟိုးယာဉ် အသုံးပြုကာ လူအင်အား များစွာနဲ့ ဖယ်ရှားခဲ့ပါတယ်။“ကျွန်မတို့ စရောက်တော့ ဒီနားမှာ ရှိတဲ့ ဒေးဝူး စက်ရုံ၊ တိုက်ဂါး စက်ရုံတွေ ပန္နက် ရိုက်နေပြီ။ အဲဒီမှာ ပန်းရန် ဝင်လုပ်ရင်း ဒီနေရာမှာ ကိုယ့်ဘာသာ ရှင်းလင်း တိုးလျှိုရင်း နေခဲ့တယ်။ ချုံနွယ်တွေပဲ ရှိတယ်လေ။  အခု နေလာတာ ၁၈ နှစ် လောက် ရှိပြီ။ ကလေးတောင် သုံးယောက် ရှိနေပြီ။ အကြီးက နှစ်တန်း၊ အလတ်က သူငယ်တန်း၊ ဒီကလေးတွေနဲ့ ဘယ်မှာ နေရမလဲ မသိဘူး” လို့ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ကနေ ပြောင်းရွှေ့နေထိုင်တဲ့ ဒေါ်ဝင်းဝင်းကြူက ဝမ်းနည်းစွာ ပြောပြပါတယ်။ဒီဖြစ်စဉ်တွေက သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် သက်တမ်း ကုန်ခါနီးမှာ ဖြစ်ပွားခဲ့တာပါ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ကျူးကိစ္စနဲ့ ပတ်သက်ရင် အင်အားသုံးပြီး ဘူဒိုဇာတွေ အသုံးပြုခဲ့တာကြောင့် ပြည်သူတွေ ကြားမှာ ဘူဒိုဇာ အစိုးရ ဆိုပြီး ပြောစမှတ် တွင်ခဲ့ရပါတယ်။“ဒီလို ဖြေရှင်းနည်း သုံးရပ်ထဲမှာ အင်အားသုံး ဖြေရှင်းနည်းကို နိုင်ငံ အချို့မှာလည်း သုံးကြတယ်။ နည်းတာနဲ့ များတာပဲ ကွာတာပေါ့။ ဒါပေမဲ့ အစိုးရ အနေနဲ့ အရင်ဆုံး စဉ်းစားရမှာက အညင်သာဆုံး ဖြစ်တဲ့ နည်းလမ်းကို အရင် ကျင့်သုံးရမယ်။ အစိုးရက စဉ်းစားသင့်တာက ဒီကျူးကျော်တွေ ဘာကြောင့် ဒီလို နေတာလဲ။ ဘာကြောင့် ဒီကို ပြောင်းရွှေ့လာတာလဲ ဆိုတာကို စဉ်းစားရမှာပါ။ စဉ်းစားပြီးတော့ ပြောင်းမလာအောင်၊ ကျူးကျော် မနေအောင် လုပ်သင့်တာ လုပ်ပေးရမှာပါ” လို့ ကျူးကျော်တွေနဲ့ ပတ်သက်လို့ စာတမ်း ပြုစုခဲ့သူ တစ်ဦးက ဆိုပါတယ်။ 
■ ကျူးတွေ ဘာကြောင့် များလာသလဲကျူးကျော်တွေဟာ ရန်ကုန်မြို့မှာ အရင်က ရှိနေပြီးသား ဆိုပေမယ့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း လူတွေ၊ တိရစ္ဆာန်တွေ၊ လယ်ယာမြေတွေနဲ့ ငါးဖမ်း လုပ်ငန်းတွေ အပြင် အခြား စီးပွားရေး လုပ်ငန်းတွေပါ ဆုံးရှုံးခဲ့ရပြီး ရန်ကုန်ရှိ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေဆီ ဧရာဝတီတိုင်း ဒေသကြီးက နာဂစ်ဒဏ် ခံရတဲ့ ဒေသခံတွေဟာ ပိုမို များပြားစွာ ဝင်ရောက် လာခဲ့ပါတယ်။ဒါ့ပြင် မြန်မာပြည်ရဲ့ တချို့ ဒေသတွေမှာ ရာသီဥတု ဖောက်ပြန်တာကြောင့် မိုးနည်း ရေရှား ဒေသတွေက လယ်ယာ လုပ်ငန်းကို စွန့်ခွာ လာကြသူတွေ၊ စစ်ဘေးရှောင် ဒေသတွေက ခိုလှုံ လာကြသူတွေကြောင့် ရန်ကုန်ဟာ ပြည်တွင်းရွှေ့ပြောင်း လုပ်သား အများဆုံး နားခိုရာ ဒေသတစ်ခု ဖြစ်လာပါတယ်။၂၀၁၃ ခုနှစ်မှာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနကနေ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ ဧရာဝတီတိုင်း ဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီးကနေ ရွှေ့ပြောင်း လာကြသူတွေထဲမှာ အမျိုးသမီး ဦးရေက အမျိုးသားဦးရေထက် ပိုမို များပြားတယ်လို့ ဖော်ပြထားပါတယ်။ရန်ကုန်မြို့ရဲ့ လူဦးရေ များပြားခြင်း၊ လူဦးရေ သိပ်သည်းဆ မြင့်မားခြင်းနဲ့ မြို့ပြ လူဦးရေ အချိုးအစား မြင့်မားခြင်းတို့ဟာ အခြား တိုင်းဒေသကြီး ပြည်နယ်တွေကနေ အလုပ်အကိုင်၊ လူမှုစီးပွားရေး အခွင့်အလမ်းတွေ ရရှိဖို့ ရန်ကုန်မြို့ဆီ ပြောင်းရွှေ့လာတာ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်က သုံးသပ် ထားပါတယ်။၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေ အရ ကျူးကျော် နေထိုင်သူ အများဆုံး ရှိရာ လှိုင်သာယာမြို့နယ်မှာ အိမ်ထောင်စု(စုစုပေါင်း) ၁၄၈၇၁၁ ရှိတဲ့အနက် အိမ်ပိုင်ရှိသူ အိမ်ထောင် စုစုပေါင်း ၅၈၆၆၆ စု၊ အိမ်ငှားနဲ့ နေထိုင်ရတဲ့ အိမ်ထောင်စု ၈၁၃၇၈၊ မိဘ၊ ယောက္ခမ၊ ဆွေမျိုး၊ မိတ်ဆွေများ ထံမှာ နေထိုင်ရတဲ့ အိမ်ထောင် စု ၂၀၉၇ စု၊ အစိုးရ ဝန်ထမ်းအိမ်ရာမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၁၀၆၆ စု၊ ပုဂ္ဂလိက ဝန်ထမ်း အိမ်ရာမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၁၉၄၁ နဲ့ အိမ်ပိုင်၊ အိမ်ငှား၊ ဝန်ထမ်းအိမ်ရာ၊ မိဘဆွေမျိုး မဟုတ်ဘဲ အခြားနေရာတွေမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၃၅၆၃ စုရှိတယ်လို့ ဖော်ပြထားပါတယ်။အိမ်ထောင် တစ်စုမှာ ပျမ်းမျှ လူဦးရေ ၄ ဒသမ ၄ ဦးနဲ့ တွက်ချက်ထားတာ ဖြစ်ပြီး ရန်ကုန်မြို့မှာ နေထိုင်နေကြတဲ့ ကျူးကျော် အိမ်ထောင်စုတွေရဲ့ ကိန်းဂဏန်း အတိအကျကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။ရန်ကုန်မြို့ လူဦးရေ တိုးနှုန်းမှာ ၀ ဒသမ ၇ သာ ရှိပေမယ့် အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရွှေ့ပြောင်း ရောက်ရှိလာသူတွေကြောင့် နှစ်စဉ် လူဦးရေ တိုးနှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပြီး ဒီအထဲကမှ အများအပြားဟာ ကျူးကျော်အဖြစ် ရောက်ရှိသွားပါတယ်။ 
■ ဝန်ကြီးချုပ်သစ်ရဲ့ ပြောစကားမင်းမဲ့စရိုက် ဆန်ဆန် မြေကွက်တွေမှာ အတင်းဝင်လုပြီး စီးပွားဖြစ် ကျူးကျော် နေထိုင်သူတွေကို တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ မေ ၂၅ ရက်က ပြုလုပ်တဲ့ ကျူးကျော်စာရင်း ကောက်ယူရေး ဆိုင်ရာ ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။“မင်းမဲ့စရိုက် ဆန်ဆန် မြေကွက်တွေကို အတင်း ဝင်လုပြီး စီးပွားရှာနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တည်ဆဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများပြည်သူပိုင် မြေကွက်တွေကို ဒီလို အလွယ်တကူ ရောင်းစားနေမယ် ဆိုရင် ဘယ်လို ထိန်းချုပ်မလဲ။ ဒီအခြေအနေတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ကြရမယ့် ကာလ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆိုပါတယ်။ဒါ့ပြင် ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်နေသူတွေရဲ့ စာရင်းကို ၄၅ ရက်အတွင်း အပြီး ကောက်ခံပြီး အမှန်တကယ် နေထိုင်စရာ မရှိတဲ့ ကျူးကျော်တွေကို နေထိုင်ဖို့ နေရာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်။လက်ရှိ ကျူးကျော် နေသူတွေကို စာရင်းကောက်ရမှာ ဒီဂျစ်တယ် နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွေကို မှတ်တမ်းယူပြီး တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးတာတွေ လုပ်ပြီးမှ ကျူးကျော် အစစ် ဟုတ် မဟုတ် သတ်မှတ်မှာ ဖြစ်ပါတယ်။အစိုးရအဖွဲ့ အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေ လုံး၀ မရှိစေဖို့ မေ ၂၆ ရက် နောက်ပိုင်းက စလို့ အသစ် ကျူးကျော် နေထိုင်သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။ကျူးကျော်တွေကို စာရင်း ကောက်ယူမယ့် စီမံချက်ကို (၄၅) ရက်အတွင်း အပြီး လုပ်ဆောင်မယ် ဆိုပေမယ့် အမှန်တကယ် စီမံချက် စမယ့် အချိန်နဲ့ ပြီးဆုံးမယ့် ကာလကို ထုတ်ဖော် ပြောကြားခြင်းတော့ မရှိပါဘူး။ ကျူးကျော်တွေကို စာရင်း ကောက်ယူရင်တောင် အမှန်တကယ် ကျူးကျော် နေသူတွေအတွက် နေထိုင်ဖို့ အိမ်ရာနဲ့ အလုပ်အကိုင်တွေကို ဖော်ဆောင်မယ့် ကိစ္စကိုလည်း စိစစ်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။ နမူနာ ကောက်ယူထားချက် အရ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ခရိုင် လေးခရိုင် အတွင်း ကျူးကျော် လူဦးရေ ၄၃၀၀၅၀ ရှိတယ်လို့ အစိုးရ အဖွဲ့က မေ ၂၅ ရက်က ကြေညာ ထုတ်ပြန်ခဲ့ပါတယ်။ 
■ ဆင်းရဲ မွဲတေနေတဲ့ နိုင်ငံမြန်မာနိုင်ငံရဲ့ Per Capital GDP တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၁၀ ခုနှစ် မတိုင်မီ အာဆီယံ နိုင်ငံများအနက် အနိမ့်ကျဆုံး ဖြစ်ခဲ့ပြီး နှစ်စဉ် တစ်ဦးကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာ ရှိခဲ့တယ်လို့ CIA Facebook က ကိန်းဂဏန်းတွေက ညွှန်ပြထားပါတယ်။၂၀၁၃ ခုနှစ်မှာ နှစ်ဆကျော် ဖြစ်တဲ့ ဒေါ်လာ ၄၄၀၀ အထိ မြင့်မား တိုးတက်ခဲ့ပြီး နောက်ဆုံး ရရှိတဲ့ ကိန်းဂဏန်းတွေ အရ ၂၀၁၄ ခုနှစ်မှာ နှစ်စဉ် တစ်ဦးကို ဒေါ်လာ ၅၂၀၀ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Per Capita GDP ဆိုတာ တစ်နိုင်ငံလုံး စုစုပေါင်း GDP ကို တိုင်းပြည် လူဦးရေနဲ့ စားထားတဲ့ ကိန်းသာ ဖြစ်တာကြောင့် နိုင်ငံ တိုးတက်ခြင်းကိုတော့ Per Capita GDP ကိန်းတစ်မျိုးတည်း အပေါ်မှာ အခြေခံလို့ မရပါဘူး။ ဒီကိန်း မြင့်မားလာခြင်းက နိုင်ငံ အတွင်းရှိ ပြည်သူလူထုတွေ အတွက် အကျိုးကျေးဇူး ဘယ်လောက် ရှိတယ် ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ရှားစွာ ဖော်ပြတဲ့ ကိန်းကတော့ Percentage of people living below poverty line ခေါ် အဆင်းရဲဆုံး အခြေအနေထက် ပိုမို နိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ရာခိုင်နှုန်းကိန်းပဲ ဖြစ်ပါတယ်။ဒီကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အဆင်းရဲဆုံး အခြေအနေထက် ပိုမို နိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ၃၂ ရာခိုင်နှုန်းခန့် ရှိတာကြောင့် အာဆီယံ ဒေသအတွင်းမှာ အမြင့်မားဆုံး ဖြစ်ရုံမက ကမ္ဘာပေါ်မှာလည်း ဆင်းရဲမှု မြင့်မားတဲ့ နိုင်ငံအဖြစ် ပါဝင်ပါတယ်။ပြည်ပ ပို့ကုန်အဖြစ် မြန်မာနိုင်ငံကနေ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော စတဲ့ သယံဇာတတွေကို တင်ပို့မှုတွေ ရှိနေတာကြောင့် ပို့ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ လုပ်သားအင်အား မလိုအပ်တဲ့အတွက် နိုင်ငံအတွင်း အလုပ်အကိုင် များပြားခြင်း မရှိဘဲ အလုပ်အကိုင် ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ဆင်းရဲမွဲတေမှုဟာ ဆက်လက် မြင့်တက်လို့ နေပါတယ်။မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်း ရှိနေပြီး ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ 
■ လွယ်ပါ့မလားဒီလို အာဆီယံနဲ့ ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ကျူးကိစ္စကို ဖြေရှင်းဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တိုင်းပြည် အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို အစိုးရသစ် အနေနဲ့ ဖန်တီးပေးနိုင်မှသာ ကျူးကိစ္စက ပြေလည်နိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်မြို့မှာ ကျူးကျော် ပြဿနာကလည်း တဖြည်းဖြည်းနဲ့ ကြီးထွားလို့ လာနေပါတယ်။ ဒီလို ကျူးကျော် ဖြစ်ရခြင်းရဲ့ ဇာစ်မြစ်ကို ကြည့်မယ်ဆိုရင် စီးပွားရေး နိမ့်ကျမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုတွေကြောင့် ကျူးကိစ္စဟာ တဖြည်းဖြည်း ကြီးထွားလာရတာပါ။ဒါ့ပြင် မြို့ပြ ကြီးထွားလာမှု၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမှုတွေ အပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု များပြားလာခြင်းကလည်း မြို့ပြသို့ ပြောင်းရွှေ့ အခြေချ နေထိုင်ဖို့အတွက် တွန်းအား တစ်ခုလို ဖြစ်လာပါတယ်။ နယ်မြို့တွေမှာ သဘာ၀ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှုတွေ ရှိသလို တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေက စစ်ပြေးရှောင်တွေ များပြားလာတဲ့ ဖြစ်စဉ်တွေကြောင့်လည်း မြို့ပြကို ပြောင်းရွှေ့အခြေချ နေထိုင်သူ ဦးရေဟာ သိသာစွာ မြင့်သထက် မြင့်တက်လာတာ ဖြစ်ပါတယ်။အစိုးရ တစ်ရပ်ရဲ့ အရေးကြီးဆုံး တာဝန်တွေထဲက တစ်ခုကတော့ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ဖို့ပါ။ မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်က ကျေးလက် ဒေသမှာ နေကြတဲ့ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ မြို့ပြ ရွှေ့ပြောင်း နေထိုင်မှုတွေ များလာတာနဲ့ အမျှ ရန်ကုန်မြို့မှာ နေရေးအတွက် ရိုက်ခတ်လာတဲ့ ပြဿနာတွေကို ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။ ဒီပြဿနာ တွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာပါ။အစိုးရသစ် ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ “သဘာ၀ ဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေး အကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်း ခံရသည့်အတွက် လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်သူများ ပြန်လည် နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံး အကောင်အထည် ဖော်မည်” လို့ ပါရှိပါတယ်။ကျူးဆိုတာကလည်း နိုင်ငံ တစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ပြယုဂ် တစ်ခုပဲ ဖြစ်ပါတယ်။ အစိုးသစ် အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း အတိုင်း ဆောင်ရွက်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပြောကြားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အနေနဲ့ တစ်ခု စဉ်းစားရမှာက အိမ်ထောင်စုပေါင်း တစ်သိန်းကျော်နဲ့ လူဦးရေ လေးသိန်းကျော် ရှိတဲ့ ကျူးတွေအတွက် အိမ်ရာ စီမံကိန်းတွေ ဖော်ဆောင်ပေးရုံတင် မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေ တိုးတက်မှုတွေ ရှိအောင် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ ဝင်ငွေ မရှိရင် (သို့မဟုတ်) ဝင်ငွေ မကောင်းခဲ့ဘူး ဆိုရင် အငှားအိမ်ရာ တည်ဆောက် ပေးပေမယ့်လည်း အိမ်စရိတ်နဲ့ စားစရိတ် လောက်ငှမှု မရှိတဲ့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်မှာ မဟုတ်ပါဘူး။ဒီလိုမျိုး အဘက်ဘက်က ပြည့်စုံအောင် လုပ်ဆောင်ပေးဖို့ ဆိုတာကလည်း အစိုးရသစ် အတွက်တော့ ကြီးမားလွန်းတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်နေမှာ အမှန်ပါပဲ။ ဒီလို အခြေအနေမျိုးမှာ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ ကျူးကျော်တွေ လုံး၀ ပပျောက်ဖို့ စီမံချက်ချ လုပ်ဆောင်မှုဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နိုင်မလဲ ဆိုတာ ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။