El Clásico ပွဲတွင် အမှားနည်းသည့်အသင်း အနိုင်ရမည်ဟု မာဆယ်လို သုံးသပ်

El Clásico ပွဲတွင် အမှားနည်းသည့်အသင်း အနိုင်ရမည်ဟု မာဆယ်လို သုံးသပ်
Published 26 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ မာဆယ်လိုက ဘာစီလိုနာအသင်းနှင့် ကစားမည့် El Clásico ပွဲတွင် အမှားနည်းသည့်အသင်းက အနိုင်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လာလီဂါပွဲစဉ် (၁၀)၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပွဲကို လာမည့် အောက်တိုဘာ (၂၈)ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည (၉း၄၅) နာရီတွင် ဘာစီလိုနာအသင်း၏ အိမ်ကွင်း နူးကမ့်၌ ကစားမည် ဖြစ်သည်။

မာဆယ်လိုက "နူးကမ့်မှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုပြီး ကစားရတာက တကယ်ကို ကောင်းပါတယ်။ ကွင်းအတွင်း ပရိသတ်တွေက ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ဘာစီလိုနာအသင်းကိုအားပေးကြမှာပါ။ တကယ်တော့ ဒါကလည်း ကျွန်တော်တို့ကို စိတ်ဓာတ်ကြွစေပါတယ်။ ဒီပွဲမှာ အမှားနည်းတဲ့အသင်းက အနိုင်ရမှာပါ။ ဒီတော့ ကျွန်တော့်တို့အနေနဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာဟာ ဘယ်လောက်ထိ ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် ရီးယဲလ်အသင်းကို ပြောင်းလာတာက El Clásico ပွဲတွေ ကစားပြီး ဘာစီလိုနာအသင်းကို အနိုင်ရချင်လို့ပါ။ El Clásico ပွဲဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ပွဲဖြစ်ပြီး ကစားသမားတိုင်း ကစားချင်ကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားအနည်းငယ်ပဲ ဒီပွဲကို ကစားခွင့်ရပါတယ်။ အဲဒီကစားသမားအနည်းငယ်ထဲမှာ ကျွန်တော်ပါတာကတော့ တကယ်အခွင့်ကောင်းတစ်ခုလို့ ဆိုရမှာပါ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် မာဆယ်လိုက အသင်းမှ စီရော်နယ်လ်ဒိုထွက်ခွာသွားခြင်းအတွက် အံ့သြမိသော်လည်း အသင်းထက် ပိုအရေးကြီးသည့် ကစားသမားမရှိကြောင်း ပြောကြားခဲ့သည်။

"အားလပ်ရက်တွေ ပြီးဆုံးလို့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ် ပြန်စလုပ်တော့ စီရော်နယ်လ်ဒို မရှိတော့တဲ့အတွက် ကျွန်တော်တို့ အံ့သြခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ စီရော်နယ်လ်ဒို အသင်းက ထွက်ခွာသွားမယ်လို့ ကျွန်တော်တို့ ထင်မထားဘူးလေ။ ရီးယဲလ်မက်ဒရစ်အသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ။ ဒီလိုပဲ စီရော်နယ်လ်ဒိုကလည်း ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းထက် အရေးကြီးတဲ့၊ ပိုကြီးတဲ့ ကစားသမားဆိုတာ မရှိပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ သမိုင်းကြောင်းက ခမ်းနားလွန်းပါတယ်။ စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့ပြီး အသင်းရဲ့သမိုင်းကြောင်းကို ပိုလှပအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ဒီနေရာမှာပဲ ရပ်နေမှာမဟုတ်ပါဘူး။ ကစားသမားတွေက အသင်းတွေ ပြောင်းသွားမယ်။ နောက်ဆုံး အနားယူသွားမယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်"ဟု မာဆယ်လိုက ပြောကြားခဲ့သည်။

Most Read

Most Recent